Home
နိုင်ငံတကာ
ယူကရိန်း ၇ ဦးနှင့် ဒေါ်လာ ၈၂ သန်းတန် ရွှေငွေများကို ဟန်ဂေရီဖမ်းဆီး
DVB
·
March 7, 2026

ဟန်ဂေရီနိုင်ငံဟာ အမေရိကန်ဒေါ်လာ ၈၂ သန်းလောက်ရှိတဲ့ ငွေသားနဲ့ ရွှေတွေကို သယ်ဆောင်လာတဲ့ ယူကရိန်း နိုင်ငံသား ၇ ယောက်ကို ငွေကြေးခဝါချမှု သံသယနဲ့ ဖမ်းဆီးထားတယ်လို့ မတ် ၆ ရက်ကြေညာပါတယ်။

ယူကရိန်းဘက်ကလည်း ဖမ်းဆီးခံထားရသူတွေဟာ ယူကရိန်းနိုင်ငံပိုင်ဘဏ် အိုရှာ့ဒ်ဘဏ်ရဲ့ ဝန်ထမ်းတွေဖြစ်ပြီးတော့ ရေနံတင်ပို့မှုဆိုင်ရာ အငြင်းပွားမှုကြားမှာ ဘဏ်ဝန်ထမ်းတွေကို ဓားစာခံအဖြစ် ဖမ်းဆီးထားတယ်လို့ ဘူဒါပက်စ်ကို စွပ်စွဲပါတယ်။ 

ဟန်ဂေရီ အခွန်နဲ့ အကောက်ခွန်ဌာန (NAV) က မတ် ၅ ရက်က အကြမ်းဖက်မှုတန်ပြန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ယူကရိန်းကို ငွေသားပို့ဆောင်နေတဲ့ ယူကရိန်းသံချပ်ကာယာဉ် ၂ စီးကို ဝင်ရောက်စီးနင်းပြီးတော့ ယူကရိန်းထောက်လှမ်းရေးဌာန ဗိုလ်ချုပ်ကြီးဟောင်းတယောက် အပါအဝင် ယူကရိန်းနိုင်ငံသား ၇ ယောက်ကို ဖမ်းဆီးခဲ့တာပါ။

အဲ့ဒီငွေသယ်ယာဉ် အလုံကာကား ၂ စီးထဲမှာ အမေရိကန်ဒေါ်လာ ၄၀ သန်း၊ ယူရို ၃၅ သန်းနဲ့ ၉  ကီလိုဂရမ်လေးတဲ့ ရွှေတုံးတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ဟန်ဂေရီ အခွန်နဲ့ အကောက်ခွန်ဌာန (NAV) က ထုတ်ပြန်ပါတယ်။

အဲဒီငွေကြေးနဲ့ ရွှေတန်ဖိုး စုစုပေါင်းဟာ ဒေါ်လာ ၈၂ သန်း လောက် ရှိတယ်လို့ ဟန်ဂေရီဘက်က ခန့်မှန်းထားပါတယ်။

ဟန်ဂေရီကတော့ ဒီကိစ္စကို ငွေကြေးခဝါချမှု သံသယနဲ့ ရာဇဝတ်မှု စုံစမ်းစစ်ဆေးမှု စတင်ထားတယ်လို့ ပြောပါတယ်။

ဟန်ဂေရီနိုင်ငံကို ဖြတ်သန်းလာတဲ့ ဒီလို ငွေကြေးပို့ဆောင်မှုအပေါ် ယူကရိန်းဘက်က ရှင်းလင်းချက်ပေးရမယ်လို့ ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး ပီတာစဇီယာတိုက ပြောပါတယ်။

ဒါပေမဲ့ ယူကရိန်းဘက်ကတော့ ဒီစွပ်စွဲချက်ကို ပြင်းပြင်းထန်ထန် ငြင်းဆိုလိုက်ပါတယ်။ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး အန်ဒရီ ဆီဘီဟာရဲ့ ပြောကြားချက်အရ ဖမ်းဆီးခံထားရသူတွေဟာ ယူကရိန်း အစိုးရပိုင် အိုရှာ့ဒ်ဘဏ်က ဘဏ်ဝန်ထမ်းတွေဖြစ်ပြီး သူတို့ဟာ ဘဏ်လုပ်ငန်းကိစ္စနဲ့ ငွေသယ်ယူနေတာလို့ ဆိုပါတယ်။

ဒါ့အပြင် ဟန်ဂေရီအစိုးရဟာ သူတို့ရဲ့ ဝန်ထမ်းတွေကို ဓားစာခံသဖွယ် ဖမ်းဆီးထားတာလို့ ပြန်စွပ်စွဲလိုက်ပြီး သူတို့နိုင်ငံသားတွေကို ချက်ချင်းလွှတ်ပေးဖို့ ဟန်ဂေရီကို တရားဝင်စာပို့ တောင်းဆိုထားပါတယ်။

ဥရောပသမဂ္ဂ (EU) ကိုလည်း ဟန်ဂေရီရဲ့ ဥပဒေမဲ့လုပ်ရပ်အပေါ် သဘောထားတရားဝင် ထုတ်ပြန်ပေးဖို့ တောင်းဆိုသွားမယ်လို့ ဆိုပါတယ်။

အိုရှာ့ဒ်ဘဏ်ကတော့ GPS စနစ်အရ ငွေသယ်ကားတွေဟာ ဘူဒါပက်စ်မြို့ရှိ ဟန်ဂေရီ လုံခြုံရေးဌာနအနီးမှာ ရှိနေတယ်လို့ ပြောပါတယ်။

ဟန်ဂေရီရဲတပ်ဖွဲ့နဲ့ အစိုးရပြောရေးဆိုခွင့်ရှိသူတယောက်ကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုမှုတွေကို ချက်ချင်း တုံ့ပြန်ခြင်း မရှိပါဘူး။

ဒီဖြစ်ရပ်ဟာ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇီလန်စကီးနဲ့ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာ အော်ဘန်တို့အကြား တင်းမာမှုတွေ မြင့်တက်နေတဲ့အချိန်မှာ ဖြစ်ပေါ်လာတာပါ။

ဟန်ဂေရီက ယူကရိန်းအတွက် ယူရို ၉၀ ဘီလီယံ လောက်ရှိတဲ့ ဥရောပကူညီရေးအစီအစဉ်ကို တားဆီးထားသလို ရုရှားရေနံကို ဟန်ဂေရီသို့ ပို့နေတဲ့ ဒရပ်ဇ်ဘား ပိုက်လိုင်း ပြန်ဖွင့်ပေးဖို့ ယူကရိန်းကို နိုင်ငံရေးနဲ့ ငွေကြေးဆိုင်ရာ ဖိအားတွေ သုံးမယ်လို့လည်း ပြောထားပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013