
ဥရောပသမဂ္ဂ (EU) ဟာ ယူကရိန်းနိုင်ငံအတွက် အမေရိကန်ဒေါ်လာ ၁၀၅ ဘီလီယံနဲ့ ညီမျှတဲ့ ယူရို ဘီလီယံ ၉၀ ချေးငွေကို တနည်းနည်းနဲ့ပေးမယ်လို့ ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်က ဖေဖော်ဝါရီ ၂၄ ရက်မှာ ပြောပါတယ်။
ရုရှားရဲ့ ကျူးကျော်မှု ၄ နှစ်မြောက် နှစ်ပတ်လည်နေ့မှာ ယူကရိန်းမြို့တော် ကိယက်ဗ်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ခုလိုပြောတာပါ။
အဖွဲ့ဝင် ၂၇ နိုင်ငံပါတဲ့ အစုအဖွဲ့ဟာ ယူကရိန်းအတွက် ယူရို ၉၂၀ သန်း ဆောင်းရာသီ စွမ်းအင်အစီအစဉ်အသစ်ကို ၂၀၂၆-၂၇ ခုနှစ်အတွက် ဆောင်ရွက်သွားမယ်လို့ သူက ထပ်ပြောပါတယ်။
ဗွန်ဒါလေယန်က ယူကရိန်းဟာ EU အဖွဲ့ဝင် ဖြစ်လာဖို့ ရှင်းလင်းတဲ့ လမ်းကြောင်းရှိပြီး အဲဒီအတွက် အဖြေက အလွန်ရှင်းလင်းတဲ့အပြင် ယူကရိန်းအစိုးရဟာ “ကောင်းမွန်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေတယ်”လို့ ထပ်ပြောခဲ့ပါတယ်။
EU ဟာ အကြိမ် ၂၀ မြောက် ပိတ်ဆို့မှုအစီအစဉ်ကို လက်ခံဖို့ နီးကပ်နေပြီဖြစ်ပြီး ရုရှားရဲ့ ဝင်ငွေတွေကို ဆက်ယိုယွင်းစေတဲ့အပြင် သူ့ရဲ့ “စစ်ယန္တရားကို အားနည်းစေမဲ့ အစီအမံတွေကို အများဆုံး အကျိုးသက်ရောက်စေဖို့ G7 မိတ်ဖက်တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်” လို့ ဗွန်ဒါလေယန်က ပြောပါတယ်။
EU ကောင်စီဥက္ကဋ္ဌ အန်တိုနီယို ကို့စ်တာက ရုရှားနိုင်ငံကို အလေးအနက်ထားတဲ့ နည်းလမ်းနဲ့ ဆွေးနွေးပွဲစားပွဲဝိုင်းဆီ လာဖို့နဲ့ စစ်ပွဲမှာ အနိုင်ရမှာ မဟုတ်တာကို လက်ခံဖို့ သတင်းစာရှင်းလင်းပွဲမှာ တိုက်တွန်းခဲ့ပြီး ရုရှားအစိုးရက တိုက်ခိုက်မှုတွေ ပြင်းထန်လာတာတောင် ယူကရိန်းနိုင်ငံက ၄ နှစ်ကျော်ကြာ အခိုင်အမာ ရပ်တည်ခဲ့တာကို ထောက်ပြပါတယ်။
EU ဆီ ယူကရိန်းက အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခွင့်လမ်းကြောင်းက အနာဂတ်မှာ “သိသာထင်ရှားတဲ့ တိုးတက်မှု” ကို မျှော်လင့်နိုင်တယ်လို့လည်း ကို့စ်တာက ပြောပါတယ်။
Source: Reuters


