
၄ နှစ်တင်းတင်း ပြည့်ပြီဖြစ်တဲ့ ရုရှားရဲ့ အလုံးစုံ ကျူးကျော်မှုအတွင်း ယူကရိန်းအတွက် ထောက်ပံ့မဲ့ အစီအစဉ်တွေကို ဟန်ဂေရီက ဖျက်လိုဖျက်ဆီး လုပ်နေတယ်ဆိုပြီး ဥရောပသမဂ္ဂ (EU) က စွပ်စွဲလိုက်ပါတယ်။
ဒါဟာ အကြိမ် ၂၀ မြောက် ရုရှားအပေါ် ချမှတ်မဲ့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုအသစ်နဲ့ ယူကရိန်းအတွက် ဒေါ်လာ ၁၀၅ ဘီလီယံကျော် ချေးငွေပေးမဲ့ အစီအစဉ်တွေကို ဟန်ဂေရီအစိုးရက ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့တာကြောင့်ပါ။
ဒါ့အပြင် ရုရုားလိုလားတဲ့ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်ခ်တာ အော်ဘန်ရဲ့ အစိုးရကို ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက မစည်းရုံးနိုင်ခဲ့တာကြောင့် ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ် တပ်စ်ခ် ကတော့ ဒါကို ဟန်ဂေရီရဲ့ “နိုင်ငံရေးအဖျက်အမှောင့်” လုပ်ရပ်အဖြစ် ဝေဖန်လိုက်ပါတယ်။
အဲဒီနောက် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာက “ဒီကနေ့ ကမ္ဘာ့ရေးရာမှာ ဘယ်လောက်ပဲ ဆူညံနေပါစေ၊ အဲဒီစစ်ပွဲဟာ ကျနော်တို့ခေတ်ရဲ့ အရေးကြီးဆုံးပြဿနာအဖြစ် ရှိနေဆဲပါပဲ။ ရုရှားဟာ စစ်ပွဲကို အနိုင်ရမနေသလို သူတို့နိုင်မှာလည်း မဟုတ်ပါဘူး” လို့ မှတ်ချက်ပြုပါတယ်။
ဒီနှစ် ဇန်နဝါရီလကုန်ပိုင်းက စပြီး ယူကရိန်းတပ်ဖွဲ့တွေဟာ တောင်ပိုင်းနယ်မြေ စတုရန်းကီလိုမီတာ ၄၀၀ လောက်ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တဲ့အလျောက် “စစ်မရှုံးနေတာ လုံးဝ သေချာပါတယ်” လို့ သမ္မတ ဇလန်းစကီးက ပြောကြားပါတယ်။
ဒါပေမဲ့လည်း EU အဖွဲ့ဝင်တွေထဲမှာ အမေရိကန်ရဲ့ မဟာမိတ်ဖြစ်သလို ရုရှားနဲ့လည်း အရင်းနှီးဆုံးဖြစ်တဲ့ ဟန်ဂေရီနဲ့ ဆလိုဗက်ကီးယား နိုင်ငံတွေဟာ မော်စကိုဆီကနေ ရေနံတင်သွင်းမှုကို အကြီးအကျယ် မှီခိုနေရတာ ဖြစ်ပါတယ်။
တချိန်တည်းမှာ ဟန်ဂေရီအတွက် ဒရက်ဇ်ဘာပိုက်လိုင်းကနေတဆင့် ယူကရိန်းရဲ့ ရေနံတင်ပို့မှုကို ပြန်မစမချင်း ရုရှားအပေါ် အရေးယူပိတ်ဆို့မှုတွေ ချမှတ်တဲ့အခါ အခုလိုမျိုး ဆက်လက်ပိတ်ပင်သွားမှာ ဖြစ်တယ်ဆိုပြီး တုံ့ပြန်ထားပါတယ်။
အလားတူ ယူကရိန်းရဲ့ ရေနံပို့ဆောင်မှုတွေ ရပ်နားထားတာကြောင့် ဆလိုဗက်ကီးယား ဝန်ကြီးချုပ် ရောဘတ်ဖီကို ကလည်း ကိယက်ဗ်အတွက် အရေးပေါ်အကူအညီတွေကို ဖြတ်တောက်မဲ့အကြောင်း အတည်ပြုထားပါတယ်။
၂၀၂၂ ခုနှစ်ကတည်းက ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားတာတွေကို ပြန်တည်ဆောက်ဖို့ဆိုရင် ယူကရိန်းအနေနဲ့ ဒေါ်လာ ၅၈၈ ဘီလီယံအထိ လိုအပ်နိုင်တယ်ဆိုပြီး ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာအသစ်မှာ ခန့်မှန်းထားပါတယ်။
အထူးသဖြင့် ရှေ့တန်းစစ်မျက်နှာတွေဖြစ်တဲ့ ဒွန်နက်စ်ခ်နဲ့ ခါကိဗ်ဒေသဟာ ရင်းနှီးမြှုပ်နှံမှု အများဆုံး လိုအပ်မှာဖြစ်ပြီး ကိယက်ဗ်မြို့တော်ကတော့ ဒေါ်လာ ၁၅ ဘီလီယံ ပမာဏကို လိုအပ်နိုင်တယ်လို့ ရေးသားထားပါတယ်။
Source: Reuters


