
အီရန်ဒရုန်းတွေ ရန်ကနေ ပင်လယ်ကွေ့ မဟာမိတ်နိုင်ငံတွေကို ကာကွယ်ပေးရာမှာ ကူညီပေးဖို့ ယူကရိန်းကို အမေရိကန်က အကူအညီတောင်းထားတယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီး က ပြောပါတယ်။
ယူကရိန်းရဲ့ မိတ်ဖက်နိုင်ငံတွေက ဆက်သွယ်လာကြသလို အမေရိကန်ဘက်ကလည်း တောင်းဆိုမှု တွေ ရှိနေတာပါ။
ဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကတော့ “ဘယ်နိုင်ငံဆီကဖြစ်ဖြစ် အကူအညီတွေကို လက်ခံသွားမယ်” လို့ တုံ့ပြန်ထားပါတယ်။
သမ္မတ ဇလန်းစကီးကတော့ သူတို့ရဲ့ ကိုယ်ပိုင်ကာကွယ်ရေးကို မထိခိုက်စေမဲ့အပြင် သံတမန်ရေး အရ အကျိုးအမြတ်ရှိမဲ့ အခြေအနေမျိုးမှသာ ကူညီပေးမယ်လို့ ရှင်းလင်းထားပါတယ်။
အထူးသဖြင့် ရုရှားရဲ့ ဒုံးကျည်ရန်ကို ကာကွယ်ဖို့အတွက် ယူကရိန်းရဲ့ ဒရုန်းဟန့်တားရေးစနစ်တွေကို အမေရိကန်ရဲ့ ပက်ထရီယော့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ အလဲအလှယ် လုပ်ချင် နေတာပါ။
ပြီးခဲ့တဲ့ မတ် ၅ ရက်က ပြောကြားချက်မှာတော့ လတ်တလော ရက်ပိုင်းတွေမှာတင် ပက်ထရီယော့ ဒုံးကျည် ၈၀၀ လောက် သုံးစွဲခဲ့ရတယ်လို့ ဇလန်းစကီးက ထုတ်ဖော်ပြောဆိုပါတယ်။
လက်ရှိမှာတော့ ပင်လယ်ကွေ့နိုင်ငံတွေက ကိုယ်စားလှယ်အဖွဲ့တွေဟာ ဆွေးနွေးမှုတွေလုပ်ဖို့ ယူကရိန်းမြို့တော် ကိယက်ဗ်ကို ရောက်ရှိနေကြပြီ ဖြစ်ပါတယ်။
ယူကရိန်းကာကွယ်ရေးစက်မှုကောင်စီ အကြီးအကဲ အီဟော ဖယ်ဒါကို ကတော့ ယူကရိန်းအနေနဲ့ တလကို ကြားဖြတ်ဟန့်တားရေး ဒရုန်းအစင်းရေ ၁၀,၀၀၀ အထိ တိုးမြှင့်ထုတ်လုပ်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။
လတ်တလောမှာ ယူကရိန်းက လေ့ကျင့်ရေးစင်တာတွေဟာ ပြည်တွင်းတပ်ဖွဲ့ဝင်တွေနဲ့တင် ပြည့်နေတဲ့အတွက် မဟာမိတ်တွေကို လေ့ကျင့်သင်ကြားပေးဖို့က အခက်အခဲဖြစ်နိုင်တယ်လို့လည်း သတိပေးထားပါတယ်။
Source: Reuters


