
ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးကျေးရွာအုပ်စု၊ ဒုံပုံးရွာက ရွာသား ၃ ယောက်ဟာ တောထဲလွှတ်ထားတဲ့ ကျွဲတွေကိုသွားရှာနေတုန်း စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တွေက ဖမ်းဆီးခဲ့ပြီး အဲဒီထဲက ၂ ယောက်ကို ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒုံပုံးရွာသားတွေဖြစ်တဲ့ ခွန်သိန်းပေ၊ ခွန်အငယ်နဲ့ အသက် ၁၄ နှစ်အရွယ် ခွန်ထွန်းဟန်တို့ဟာ မတ် ၄ ရက်နေ့ မနက် ၁၀ နာရီခွဲလောက်မှာ တောထဲလွှတ်ထားတဲ့ ကျွဲတွေကိုသွားရှာနေတုန်း ပင်ဝိုးတဲစု၊ ပနားပန်ရွာအနီးမှာ PNO ပြည်သူ့စစ်တွေရဲ့ ဖမ်းဆီးတာကိုခံခဲ့ရတာ ဖြစ်ပါတယ်။
ဖမ်းဆီးခံရပြီးနောက် ခွန်သိန်းပေနဲ့ ခွန်အငယ်တို့ကို PNO က သေနတ်နဲ့ ပစ်သတ်ခဲ့ပြီး အသက် ၁၄ နှစ်အရွယ် ခွန်ထွန်းဟန်ကိုတော့ ငွေကျပ် ၂၈ သိန်းပေးပြီး ပြန်ရွေးခဲ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒေသခံသတင်းရင်းမြစ်တယောက်က “တောထဲမှာ ကျွဲသွားရှာတဲ့လူတွေကိုဖမ်းပြီး သေနတ်နဲ့ ပစ်သတ်သွားတာလို့ သိရတယ်။ အသက်မပြည့်သေးတဲ့ ကလေးတယောက်ကိုတော့ ငွေတောင်းပြီး ပြန်လွှတ်ပေးခဲ့တယ်” လို့ ပြောပါတယ်။
ပစ်သတ်ခံရတဲ့ ၂ ယောက်ရဲ့ အလောင်းတွေကိုတော့ သူတို့ရဲ့မိသားစုတွေက အခုအချိန်ထိ သွားယူလို့မရသေးဘူးလို့ ဒေသခံတယောက်က ပြောပါတယ်။
“အခုထိ အလောင်းသွားယူလို့ မရသေးဘူး။ အဲနေရာတဝိုက်မှာ PNO တွေ လှုပ်ရှားနေတော့ မိသားစုတွေကလည်း သွားဖို့ ကြောက်နေကြတယ်” လို့ သူက ပြောပါတယ်။
ဒါ့အပြင် PNO ပြည်သူ့စစ်တွေဟာ ဒုံပုံးရွာသားတွေ မွေးထားတဲ့ ကျွဲတွေကိုလည်း ပစ်သတ်ပြီး စားသောက်နေကြတယ်လို့ သိရပါတယ်။
အခုလက်ရှိမှာတော့ ပင်ဝိုးရွာနဲ့ နောင်ကမ်းပိုင်းတလျှောက်မှာ PNO ပြည်သူ့စစ် အင်အား ၅၀ လောက် လှုပ်ရှားနေပြီး ကျွဲ ၄ ကောင်လောက် ပစ်သတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ဒေသခံတွေက ပြောပါတယ်။
ဒေသခံတွေကတော့ မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသမှာ PNO ပြည်သူ့စစ်တွေ စစ်ရေးလှုပ်ရှားမှု တိုးလာတဲ့နောက်ပိုင်း ဒေသခံတွေကို ဖမ်းဆီးတာ၊ ငွေကြေးတောင်းခံတာနဲ့ သတ်ဖြတ်တာတွေ မကြာခဏ ဖြစ်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Photo : PNO မီဒီယာ


