
ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသမှာ စစ်ကောင်စီတပ်နဲ့ PNO ပအိုးဝ်ပြည်သူ့စစ်တို့ စစ်ကြောင်းထိုးနေတဲ့အတွက် တိုက်ပွဲတွေ နေ့စဥ်နီးပါး ဖြစ်ပွားနေတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက မတ် ၄ ရက်မှာ ပြောပါတယ်။
PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက “တိုက်ပွဲတွေက နေ့တိုင်းလိုလို ဖြစ်ပွားဆဲ ဖြစ်ပါတယ်။ ဒီနေ့ဆိုလည်း ပစ်ခတ်မှုတွေဖြစ်တယ်။ ပြောက်ကျားတိုက်ပွဲတွေလည်း ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ ဒေသခံပြည်သူတွေကို ပေါ်တာဆွဲဖို့ လုပ်နေလို့ အမျိုးသားတွေ နေရပ်မပြန်ကြသေးဘူး” လို့ ပြောပါတယ်။
တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေလို့ ဒေသခံအများစုက စစ်ဘေးရှောင်နေကြပြီး နေရပ်ပြန်သွားတဲ့ အမျိုးသမီးတွေကို PNO ပြည်သူ့စစ်က နေအိမ်အကျယ်ချုပ်သဘောမျိုးထားကာ အမျိုးသားတွေကို ပေါ်တာဆွဲဖို့ လုပ်နေလို့ နေရပ်မပြန်ကြသူတွေ များတယ်လို့ သိရပါတယ်။
ကဒူးကြီးဒေသထဲကို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်တာ တလကျော်ရှိလာပြီး တိုက်ပွဲ တွေ ပြင်းထန်နေကာ နှစ်ဖက် အထိအခိုက် အကျအဆုံး ရှိတယ်လို့ ဆိုပါတယ်။
စစ်တပ်နဲ့ PNO ပြည်သူ့စစ်က ဇန်နဝါရီလလောက်ကစပြီး PNLA ထိန်းချုပ်နယ်မြေတွေကို ထိုးစစ်ဆင်နေကာ ဒေသခံတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာကြောင့် ပြည်သူတွေ နေရပ် မပြန်နိုင်သေးတာတွေလည်း ရှိနေပါတယ်။
ဗန်းမတ်ရွာသစ်နဲ့ ဟမ်းဗွာရွာတွေကတော့ မီးလောင်ပျက်စီးသွားပြီလို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ပထမအပတ်ထဲမှာလည်း ကဒူးကြီးဒေသမြောက်ဘက်က ကျေးရွာတွေထဲကို စစ်တပ်နဲ့ PNO ပြည်သူ့စစ်က နေအိမ်တွေ မီးရှို့ဖျက်ဆီးတာ ရှိခဲ့ပါတယ်။


