
ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ တလအတွင်း အကြောင်းအမျိုးမျိုးနဲ့ရောက်လာတဲ့ ကလေးငယ်တွေ အပါအဝင် ရိုဟင်ဂျာ အယောက် ၂၀ ကျော်ကို စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၈ ရက်အထိတလအတွင်း ကုန်းလမ်း၊ ရေလမ်းကနေတဆင့် ဧရာဝတီတိုင်းထဲကိုဝင်လာတဲ့ ရိုဟင်ဂျာ အမျိုးသား ၁၉ ယောက်၊ အမျိုးသမီး ၅ ယောက်ကို စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
ရိုဟင်ဂျာတွေကို ကူညီပေးနေသူတယောက်က “ဖမ်းမိတဲ့ရိုဟင်ဂျာတွေက ရခိုင်ပြည်နယ်ကနေ ခိုးထွက်လာသူတွေလို့ သိရပါတယ်။ စစ်တွေနဲ့မောင်တောဘက်ကနေ လာတဲ့သူတွေများတယ်လို့ သိရတယ်။ ရန်ကုန်ဘက် ဦးတည်လာတာ။ လိုရာခရီး မရောက်ဘဲ အဖမ်းခံရတာ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ရဲတွေဟာ အဖမ်းခံထားရတဲ့ ရိုဟင်ဂျာတွေကို ဘယ်ပုဒ်မနဲ့မှ အရေးယူတာမရှိသေးဘဲ အရင်ကတော့ ရိုဟင်ဂျာတွေကို လ.ဝ.က ဥပဒေနဲ့ အရေးယူထားတာ များတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်တွေဆီက သိရပါတယ်။
ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “ရိုဟင်ဂျာတွေကို အခုအထိတော့ အမှုဖွင့်အရေးမယူရသေးဘူးလို့ သိရတယ်။ အရင်ကတော့ လဝကဥပဒေနဲ့ အမှုဖွင့်ထောင်ချတာ များပါတယ်။ အခုတော့ ရဲစခန်းတွေမှာပဲချုပ်ထားတာ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့လအတွင်း ဟိုင်းကြီးကျွန်း၊ သာပေါင်း၊ ငရုတ်ကောင်း၊ ရေကြည်၊ ကြံခင်း၊ ငပုတော စတဲ့ မြို့နယ်တို့ကနေ ရိုဟင်ဂျာတွေ ဖမ်းဆီးခံခဲ့ရတာလို့ သိရပါတယ်။


