Home
မြန်မာသတင်း
ရိုဟင်ဂျာများ နစ်နာကြေးရရန် အာဂျင်တီးနားတရားရုံးတွင် လျှောက်ထား
DVB
·
February 14, 2026

ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုကနေ အသက်ရှင်ကျန်ရစ်သူတွေအတွက် နစ်နာကြေးရရှိစေဖို့ တရားမမှုကို အာဂျင်တီးနားတရားရုံးမှာ ထပ်မံတိုးချဲ့လျှောက်ထားလိုက်တယ်လို့ ယူကေနိုင်ငံ အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ (BROUK) က ဖေဖော်ဝါရီ ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စိုးဝင်း အပါအဝင် စစ်တပ် ထိပ်သီးခေါင်းဆောင်တွေဟာ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်က ဖော်ထုတ်ထားတဲ့အတိုင်း ကြီးမားတဲ့ စီးပွားရေးပိုင်ဆိုင်မှုတွေရှိနေတယ် လို့ BROUK ရဲ့ လျှောက်ထားချက်မှာ အလေးပေး ဖော်ပြထားပါတယ်။

ဒီပိုင်ဆိုင်မှုတွေမှာ စစ်တပ်ပိုင် လုပ်ငန်းစုကြီးနှစ်ခုဖြစ်တဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) နဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့အပြင် စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ ပုဂ္ဂလိကလုပ်ငန်းအများကြီးလည်း ပါဝင်ပါတယ်။

ဒါကြောင့် ကျူးလွန်သူတွေကို ဘဏ္ဍာရေးအရတာဝန်ခံခိုင်းတာက ပြစ်ဒဏ်ကင်းလွတ်နေမှုကို အဆုံးသတ်ဖို့နဲ့ အသက်ရှင်ကျန်ရစ်သူတွေအတွက် တရားမျှတမှုရရှိစေဖို့ အရေးကြီးတဲ့ အဆင့်ဖြစ်တယ် လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ဒါမှမဟုတ် အာဂျင်တီးနားအစိုးရရဲ့ ဘဏ္ဍာရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး နစ်နာကြေးအတွက် အသုံးပြုနိုင်မဲ့ တခြားပိုင်ဆိုင်မှုတွေကိုလည်းဖော်ထုတ်ဖို့ BROUK က တရားရုံးကို တိုက်တွန်းထားပါတယ်။

BROUK အနေနဲ့ လျော်ကြေးပေးဖို့ တရားမမှုကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ စွဲဆိုခဲ့တာဖြစ်ပြီး အာဂျင်တီးနားနိုင်ငံမြို့တော် ဗျူနိုအေးရိစ်မြို့ တရားရုံးက ဒီလျှောက်ထားချက်ကို လက်ခံသုံးသပ်မယ်လို့ မျှော်လင့်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် သတ်ဖြတ်မှုတွေအပါအဝင် ညှဉ်းပန်းနှိပ်စက်တဲ့ ကျူးလွန်မှုတွေနဲ့ ပတ်သက်ပြီး ယူကေအခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ (BROUK) က ၂၀၁၉ ခုနှစ်မှာ အာဂျင်တီးနား ဖက်ဒရယ်တရားရုံးမှာ ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်နဲ့ အမှုဖွင့်တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

ဒီအမှုကို ၂၀၂၁ ခုနှစ်မှာ တရားဝင်လက်ခံခဲ့ပြီး၊ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလမှာ အာဂျင်တီးနားတရားရုံးက စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် စစ်တပ်အရာရှိ ၂၃ ယောက်နဲ့ သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ဖမ်းဝရမ်း ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ရိုဟင်ဂျာနဲ့ ပတ်သက်ပြီး အာဂျင်တီးနားအပါအဝင် တရားစွဲဆိုမှု ၃ ခုရှိပြီး အပြည်ပြည်ဆိုင်ရာ ရာဇတ်မှုတရားရုံး(ICC) နဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)တို့မှာလည်း အမှုတွေရှိ နေတာပါ။

ICC မှာတော့ ရှေ့နေချုပ် ကာရင်မ်ခမ်းက စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့  ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၇ ရက်တုန်းက အမှုဖွင့်တိုင်ကြားထားတာရှိပြီး ICC အနေနဲ့ စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ပေးရေး စဉ်းစားနေတဲ့ကာလဖြစ်ပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုအတွက် မြန်မာနိုင်ငံကို အရေးယူပေးဖို့ ကုလသမဂ္ဂရဲ့ အမြင့်ဆုံးခုံရုံးဖြစ်တဲ့ ICJ မှာ ဂမ်ဘီယာနိုင်ငံက တရားလိုလုပ် တိုင်ကြားထားတဲ့ အမှုကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှာ ဥပဒေကြောင်းဆိုင်ရာ နှုတ်နဲ့ လျှောက်ထားချေပမှု ကြားနာပွဲ သီတင်းနှစ်ပတ်ကျော်ကြာ ပြုလုပ်ခဲ့ပါတယ်။

ကြားနာစစ်ဆေးမှုတွေ ပြီးစီးသွားပြီးနောက် စီရင်ချက်ချမှတ်ဖို့ စတင်သုံးသပ်တော့မှာ ဖြစ်တယ်ဆိုပြီး ဇန်နဝါရီ ၂၉ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

တရားရုံးရဲ့ စီရင်ဆုံးဖြတ်ချက်အမိန့်ကို လူသိရှင်ကြားကြေညာမဲ့ရက်ကိုလည်း ထပ်ပြီး အသိပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

မြတ်သဇင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013