
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့မှာ တရားမဝင်နေထိုင်ကြတဲ့ ရိုဟင်ဂျာ ၃၄၅ ယောက်ကို ဖေဖော်ဝါရီ ၅ ရက်က ဘင်္ဂလားဒေ့ရှ် စစ်တပ်၊ ရဲတပ်ဖွဲ့၊ နယ်ခြားစောင့်တပ် (BGB) နဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းစစ်ဆင်ရေးအဖွဲ့က စစ်ဆင်ရေးပြုလုပ်ပြီး ဖမ်းဆီးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် သတင်းစာတွေမှာ ဖော်ပြပါတယ်။
ဖေဖော်ဝါရီ ၅ ရက်နေ့ မနက်ပိုင်းက စစ်တကောင်းမြို့၊ ဒိုဟာဇာရီမြူနီစီပယ်အောက်ရှိ ရပ်ကွက် ၂ နဲ့ ၇ မှာရှိတဲ့ တရားမဝင် နေထိုင်တဲ့ ရိုဟင်ဂျာတွေကို ပူးပေါင်းတပ်ဖွဲ့ဝင်တွေက စစ်ဆင်ရေးလုပ်ပြီး ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
အဲဒီ ပူးတွဲစစ်ဆင်ရေးအတွင်း တရားမဝင်နေထိုင်ကြတဲ့ ရိုဟင်ဂျာ ၃၄၅ ယောက်ကို ဖမ်းဆီးရမိခဲ့ပြီး အဲဒီအထဲမှာ အမျိုးသား ၁၇၆ ယောက်၊ အမျိုးသမီး ၈၆ ယောက်နဲ့ ကလေး ၈၃ ယောက်တို့ ပါဝင်ကြတယ်လို့ ချန်ဒါနိုက်ရှ် ရဲစခန်းတာဝန်ခံ အမ်ဒီလိုင်အက်စ်ခန်းက ပြောပါတယ်။
စစ်ဆင်ရေးအဖွဲ့ဟာ ဖေဖော်ဝါရီ ၄ ရက် ညသန်းခေါင်ယံကတည်းက အဆိုပါရပ်ကွက်ကို ပိတ်ဆို့ထားကြတာဖြစ်ပြီး မနက်ပိုင်းမှာ တအိမ်ဝင် တအိမ်ထွက် ရှာဖွေဖမ်းဆီးခဲ့ကြတာလို့ သတင်းဌာနတွေက ဖော်ပြပါတယ်။
ဖမ်းဆီးခံထားရသူတွေမှာ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ်တွေ ပါဝင်ကြတာကြောင့် သူတို့ကို သင့်လျော်တဲ့ ဥပဒေလုပ်ထုံး လုပ်နည်းတွေနဲ့အတူ ပြန်လည်ပို့ဆောင်ရေးကော်မရှင်နာရဲ့ လက်အောက်က ကော့ဇ်ဘဇားရှိ ဒုက္ခသည်စခန်းတွေကို ပို့ဆောင်ဖို့ စီစဉ်နေတယ်လို့ ချန်ဒါနိုက်ရှ် ရဲစခန်းတာဝန်ခံ ခန်းက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ၁၃ ကြိမ်မြောက် ရွေးကောက်ပွဲပြုလုပ်ဖို့ ရှိနေတာကြောင့် အစိုးရက တရားမဝင် ရွှေ့ပြောင်းနေထိုင်တဲ့သူတွေကို လိုက်လံဖမ်းဆီးမှုတွေ ပြုလုပ်နေတာလို့ ဒေသတွင်း မီဒီယာတွေက ဆိုကြပါတယ်။
Source: Times of Bangladesh


