
အီရန်ရဲ့ လာမဲ့ခေါင်းဆောင်ရွေးချယ်ရေးမှာ အမေရိကန် ပါဝင်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ပ်က ရိုက်တာနဲ့ သီးသန့်အင်တာဗျူးမှာ ပြောပါတယ်။
အီရန်ထိပ်သီးခေါင်းဆောင် အလီခါမေနီရဲ့ သားဖြစ်သူဟာ ခေါင်းဆောင်ရာထူး ဆက်ခံမှာကို မကြိုက်ဘူးလို့လည်း ဖုန်းနဲ့ အင်တာဗျူးမှာ ထရမ့်ပ်က ဖြေကြားခဲ့ပါတယ်။
ထရမ့်ပ်က“အီရန်ခေါင်းဆောင်နေရာ ဆက်ခံမဲ့သူကို အီရန်နဲ့အတူ ကျနော်တို့ ရွေးသွားမှာပါ။ အီရန်ရဲ့ အနာဂတ်ကို ဦးဆောင်မဲ့သူ ရွေးပွဲမှာ ကျနော်တို့ ပါဝင်ချင်ပါတယ်။ နိုင်ငံအတွက်၊ ပြည်သူတွေ အတွက် ကောင်းတဲ့သူတယောက်ကို ကျနော်တို့ ရွေးဖို့ ဆန္ဒရှိပါတယ်” လို့ ပြောပါတယ်။
အီရန်ရဲ့ ခေါင်းဆောင်ရွေးချယ်မှုကို ဗင်နီဇွဲလားရဲ့ ခေါင်းဆောင်ရွေးချယ်မှုနဲ့ ယှဉ်ထားပြီး ထရမ့်ပ်က ပြောဆိုခဲ့တာပါ။
ဗင်နီဇွဲလားသမ္မတ မာဒူရိုကို ဇန်နဝါရီလက ဖယ်ရှားခဲ့ပြီး ဒယ်စီ ရိုဒရီဂွတ်ဇ်ကို ယာယီသမ္မတအဖြစ် ခန့်အပ်ထားခဲ့တာ ဖြစ်ပါတယ်။
အီရန်မှာရှိတဲ့ ကာ့ဒ်တပ်ဖွဲ့တွေက အီရန်ကိုဖြတ်ပြီး တိုက်ခိုက်မှာက အံ့အားသင့်စရာဖြစ်ပြီး ဒီလို တိုက်ခိုက်မှုကို အားပေးတဲ့အကြောင်းလည်း ထရမ့်ပ်က ပြောခဲ့ပါသေးတယ်။
အီရန်ကို အမေရိကန်နဲ့ အစ္စရေးတို့ စနေနေ့က စတင်တိုက်ခိုက်ခဲ့ပြီး ၆ ရက်မြောက်နေ့မှာ အမေရိကန်စစ်သည် ၆ ယောက် အပါအဝင် သေဆုံးသူ ၁,၀၀၀ ကျော်ရှိလာပြီ ဖြစ်ပါတယ်။
ဟော်မုဇ်ရေလက်ကြားက ဖြတ်တဲ့ သင်္ဘောတိုင်းကို ပစ်မယ်လို့ အီရန်က ပြောခဲ့ပြီးနောက်ပိုင်း စစ်ပွဲ အရှိန် မြင့်လာတာနဲ့အမျှ ပင်လယ်ကွေ့ထဲက ရေနံတင်သင်္ဘောတွေ တိုက်ခိုက်ခံခဲ့ရပါတယ်။
အဇာဘိုင်ဂျန်ထဲကိုလည်း အီရန်ဒရုန်းတွေ ဝင်ရောက်ပြီး ရေနံထုတ်လုပ်သူတွေကို ခြိမ်းခြောက် ခဲ့တာကြောင့် ရေနံဈေးနှုန်းတွေ မြင့်တက်ခဲ့ပါတယ်။
ကမ္ဘာ့ရေနံဈေး မြင့်နေပေမဲ့ တိုက်ခိုက်မှုပြီးတာနဲ့ ချက်ချင်းဈေးကျမှာဖြစ်လို့ ရေနံဈေးတက်တာကို စိတ်မပူဘူးလို့ ထရမ့်ပ်က ပြောပါတယ်။
အီရန်အရေးဟာ ဘယ်လောက်ကြာမလဲ ဆိုတာကို မခန့်မှန်းပေမဲ့ သတ်မှတ်ထားချိန်ထက် စောပြီး ပြီးမယ်လို့ ထရမ့်ပ်က ရိုက်တာနဲ့ သီးသန့်အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။
Source: Reuters


