Home
နိုင်ငံတကာ
အီရန်မိန်းကလေးကျောင်းတိုက်ခိုက်ခံရမှု  အမေရိကန်စစ်တပ်က စုံစမ်းစစ်ဆေးနေ 
DVB
·
March 7, 2026
Photo :Reuters

အီရန်နိုင်ငံရှိ မိန်းကလေးကျောင်းတကျောင်း တိုက်ခိုက်ခံရပြီး ကျောင်းသူ ၁၅၀ ကျော် သေဆုံး ခဲ့ရတဲ့ဖြစ်စဉ်မှာ အမေရိကန်တပ်ဖွဲ့တွေမှာ တာဝန်ရှိနိုင်တယ်လို့ အမေရိကန်စစ်ဘက် စုံစမ်းစစ်ဆေးရေးမှူးတွေက ယူဆထားပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်က အီရန်တောင်ပိုင်း မီနတ်(ဘ်) မြို့မှာရှိတဲ့ အဲဒီကျောင်းဟာ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ပူးပေါင်းတိုက်ခိုက်မှုတွေ စတင်တဲ့ ပထမဆုံးရက်မှာပဲ ထိမှန်ခဲ့တာပါ။

ဒီတိုက်ခိုက်မှုကြောင့် ကျောင်းသူ ၁၅၀ ကျော် သေဆုံးခဲ့တယ်လို့ ဂျီနီဗာမြို့ ကုလသမဂ္ဂဆိုင်ရာ အီရန်သံအမတ်က ပြောပါတယ်။

ဒါပေမဲ့ အပြီးသတ် ကောက်ချက်ချနိုင်တာမျိုး မရှိသေးဘဲ စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေဆဲ ဖြစ်တယ်လို့ အမေရိကန်အရာရှိ ၂ ယောက်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆီသ်က “ကျနော်တို့အနေနဲ့ အရပ်သားတွေကို ဘယ်တော့မှ ပစ်မှတ်မထားပါဘူး။ ဒါပေမဲ့ ဒီကိစ္စကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်” လို့ မတ် ၄ ရက်မှာ သတင်းထောက်တွေကို ပြောကြားပါတယ်။

တိုက်ခိုက်မှုတွေ လုပ်ဆောင်ရာမှာ အစ္စရေးက အီရန်အနောက်ပိုင်းကို ပစ်မှတ်ထားပြီး အမေရိကန်ကတော့ အီရန်တောင်ပိုင်းက ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးရုံးကလည်း ဒီဖြစ်စဉ်ကို စုံစမ်းစစ်ဆေးဖို့ မတ် ၃ ရက်မှာ တောင်းဆို လိုက်ပြီး “စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ တိုက်ခိုက်တဲ့ တပ်ဖွဲ့တွေမှာ တာဝန်ရှိတယ်” လို့ ပြောရေးဆိုခွင့် ရှိသူ ရာဗီနာ ရှမ်ဒါဆာနီက ပြောပါတယ်။

စာသင်ကျောင်းတွေကို တမင်ရည်ရွယ် တိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုမြောက်နိုင်ပြီး အမေရိကန် ကသာ ကျူးလွန်ခဲ့တာ သေချာသွားရင်တော့ ဆယ်စုနှစ်တွေချီရှိနေတဲ့ အရှေ့အလယ်ပိုင်း ပဋိပက္ခသမိုင်းမှာ အဆိုးရွားဆုံး အရပ်သားသေဆုံးမှုတွေထဲကတခု ဖြစ်လာဖွယ် ရှိနေပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013