
အမေရိကန်စစ်တပ်ဟာ အာကီးလားဒို့စ် ရေနံတင်သင်္ဘောကို ကာရစ်ဘီယံဒေသကနေ ခြေရာခံ လိုက်ခဲ့ပြီးနောက် အိန္ဒိယသမုဒ္ဒရာအတွင်းမှာ အဲဒီသင်္ဘောပေါ် တက်ရောက်စစ်ဆေးခဲ့တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ်ဟဂ်ဆီသ်က ဖေဖော်ဝါရီ ၉ ရက်မှာ ပြောပါတယ်။
အဲဒီ အာကီးလားဒို့စ်သင်္ဘောဟာ ဗင်နီဇွဲလားနိုင်ငံကို အသွားအလာလုပ်တဲ့ ပိတ်ဆို့အရေးယူခံထားရတဲ့ သင်္ဘောတွေအပေါ် ဝါရှင်တန်က ချမှတ်ထားတဲ့ ပိတ်ဆို့တားဆီးမှုကို ချိုးဖောက်တယ်လို့လည်း စွပ်စွဲထားပါတယ်။
စစ်ဆင်ရေးဟာ “ညတွင်းချင်း” လုပ်ဆောင်ခဲ့တယ်လို့ ဟဂ်ဆီသ်က လူမှုကွန်ရက် X မှာ တနင်္လာနေ့ကပို့စ်တင်ထားပြီး “အမေရိကန် စစ်ပွဲဆိုင်ရာဌာနက ဒီသင်္ဘောကို ကာရီဘီယံဒေသကနေ အိန္ဒိယသမုဒ္ဒရာအထိ ခြေရာခံလိုက်ခဲ့တာပါ။ သင်္ဘောသာ ဆီကုန်သွားနိုင်ပေမဲ့ အမေရိကန်ကိုတော့ မလွတ်နိုင်ပါဘူး” လို့လည်း ရေးသားခဲ့ပါတယ်။
ဗီဒီယိုကို နေ့ခင်းဘက်မှာ ရိုက်ကူးထားတာကြောင့် အမေရိကန်ရဲ့ အချိန်နာရီတွေလို့ ယူဆရပြီး ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်နေ့ တည်နေရာဒေတာတွေအရ အိန္ဒိယသမုဒ္ဒရာထဲမှာ သင်္ဘောရှိနေတာကို ပြသထားပါတယ်။
ဗင်နီဇွဲလား ရေနံစိမ်းစည်ပေါင်း ၇ သိန်းလောက် တင်ဆောင်ထားတဲ့ ဆူးဇ်မက်ခ်စ် ရေနံတင်သင်္ဘော အာကီးလား ဒို့စ်ဟာ ဇန်နဝါရီလ အစောပိုင်းမှာ ဗင်နီဇွဲလားရေပြင်ကနေ ထွက်ခွာခဲ့ပြီး တရုတ်နိုင်ငံကို ဦးတည်နေခဲ့တာ ဖြစ်ပါတယ်။
အာကီးလား ဒို့စ် သင်္ဘောဟာ ကာရစ်ဘီယံဒေသရှိ ပိတ်ဆို့အရေးယူခံထားရတဲ့ သင်္ဘောတွေအပေါ် အမေရိကန်က ချမှတ်ထားတဲ့ “စစ်ရေးအဆင့် ပိတ်ဆို့ထိန်းချုပ်ထားမှု စည်းမျဉ်း” ကို ဆန့်ကျင်လုပ်ဆောင်နေခြင်းဖြစ်ကြောင်းလည်း ဆိုပါတယ်။
အဲဒီသင်္ဘောအုပ်စုမှာ ပါဝင်တဲ့ သင်္ဘောအများစုမှာ ဗင်နီဇွဲလားကို ပြန်လှည့်သွားကြခြင်း ဒါမှမဟုတ် အမေရိကန်ရဲ့ သိမ်းဆည်းခြင်းကို ခံခဲ့ရပါတယ်။
လက်ရှိအချိန်အထိ အာကီးလားဒို့စ် သင်္ဘောဟာ ဘယ်နိုင်ငံမှာ မှတ်ပုံတင်ထားတယ် ဆိုတာကို သင်္ဘောသယ်ယူပို့ဆောင်ရေး ဒေတာဘေ့စ်တွေအရလည်း အတည်မပြုနိုင်သေးပါဘူး။
Source: Reuters


