
ထင်ရှားတဲ့ ဗင်နီဇွဲလား အတိုက်အခံ နိုင်ငံရေးသမားတယောက် ထောင်ကနေလွတ်ပြီး နာရီပိုင်းအကြာ ဖေဖော်ဝါရီ ၈ ရက် ညက မြို့တော် ကာရာကတ်စ်မှာ ပြန်ပေးဆွဲခံခဲ့ရတယ်လို့ သူ့သားနဲ့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် မာရီယာ ကော်ရီနာ မာချာဒိုက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး အစိုးရရဲ့ ကတိကဝတ်တွေအပေါ် ယုံကြည်စိတ်ချမှုတွေ မရေမရာ ဖြစ်စေခဲ့ပါတယ်။
အတိုက်အခံခေါင်းဆောင် မာချာဒိုရဲ့ အနီးကပ်မဟာမိတ်တယောက်ဖြစ်သူ ဟွမ် ပါဘလို ဂွါနီပါဟာ အကြမ်းဖက်အကြံအစည်တခုကို ဦးဆောင်မှုနဲ့ စွပ်စွဲခံရပြီး လပေါင်းများစွာ ပုန်းအောင်းနေပြီးတဲ့နောက် တနင်္ဂနွေနေ့ အစောပိုင်းမှာ ၈ လကျော်ကြာ ပြစ်ဒဏ်ကျခံနေရတဲ့ ထောင်ကနေ လွတ်မြောက်လာခဲ့ပါတယ်။
ထရမ့်ပ် အစိုးရက ရေရှည်ခေါင်းဆောင် သမ္မတဟောင်း နီကိုးလပ်စ် မာဒူရိုကို ဖမ်းဆီးပြီး ရာထူးကနေ ဖယ်ရှားပြီးတဲ့နောက် တလအကြာမှာ အမေရိကန်ရဲ့ဖိအားတွေ မြင့်တက်လာတာနဲ့ အမျှ ဗင်နီဇွဲလားအစိုးရက လွတ်ငြိမ်းခွင့်ဥပဒေတရပ်ကို အတည်ပြုခဲ့ပါတယ်။
အကျဉ်းသားတွေကို ပိုလွှတ်ပေးဖို့ ကတိပြုပြီးတဲ့နောက် သူတို့လွတ်မြောက်လာတာပါ။
ဂွါနီပါရဲ့သား ရိုမွန် ဂွါနီပါက သူ့အဖေကို လက်နက်ကိုင်ဆောင်ထားပြီး အရာရှိတွေလို့ သူကခေါ်တဲ့ အမည်မသိတဲ့ အမျိုးသား ၁၀ ယောက်က ချုံခိုတိုက်ခိုက်ခဲ့တယ်လို့ လူမှုမီဒီယာပေါ်က ဗီဒီယိုတခုမှာ ပြောခဲ့ပါတယ်။
“ကျနော့်အဖေ ပြန်ပေးဆွဲခံရပြန်ပြီ၊ အသက်ရှင်ကြောင်း ချက်ချင်း သက်သေပြဖို့ ကျနော် တောင်းဆိုပါတယ်” လို့ သူက ပြောပါတယ်။
ဂွါနီပါ ထောင်ကနေ လွတ်မြောက်လာပြီးတဲ့နောက် ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ဗင်နီဇွဲလားအစိုးရက ချက်ချင်းမတုံ့ပြန်သေးပါဘူး။
Source: Reuters


