
ဗင်နီဇွဲလား အတိုက်အခံ နိုင်ငံရေးသမားတွေဖြစ်တဲ့ ဟွမ်ပါဘလို ဂွါနီပါနဲ့ ဂျေဆပ် အာမက်စ်တို့ဟာ ဖေဖော်ဝါရီ ၈ ရက်မှာ တခြားသူ အယောက် ၃၀ ကျော်နဲ့အတူ အကျဉ်းထောင်ကနေ လွတ်မြောက်လာပြီးတဲ့နောက် ကာရာကတ်စ်မြို့တော်က ရင်ပြင်တခုမှာ ထောက်ခံသူတွေနဲ့အတူ စုဝေးခဲ့ကြပါတယ်။
အမျိုးသားလွှတ်တော်ဆီက လွတ်ငြိမ်းခွင့်ဥပဒေတရပ်ကို အတည်ပြုချက်ရဖို့ စောင့်နေချိန်မှာ ဂွါနီပါနဲ့ အာမက်စ်တို့ဟာ ထောက်ခံသူတွေကို နှုတ်ဆက်ပြီး နိုင်ငံရဲ့အနာဂတ်အတွက် မျှော်လင့်ချက် သတင်းစကားတွေ ပြောခဲ့ကြပါတယ်။
နိုင်ငံရေးအကျဉ်းသား ၃၀ လောက် လွတ်မြောက်ခဲ့ပြီး နောက်ထပ်အမှုတွေကိုလည်း အတည်ပြုနေတယ်လို့ လူ့အခွင့်အရေးအဖွဲ့ ဖှိုရို ပေနယ်လ်က တနင်္ဂနွေနေ့မှာ ပြောပါတယ်။
ဗင်နီဇွဲလားအစိုးရက ဇန်နဝါရီ ၈ ရက်မှာ နောက်ထပ် လူတွေကို စပြီးလွှတ်ပေးမယ်လို့ ကြေညာပြီးကတည်းက နိုင်ငံရေးအကျဉ်းသား ၃၈၃ ယောက် လွတ်မြောက်ခဲ့တယ်လို့ အဖွဲ့အစည်းက အရင်က အတည်ပြုခဲ့ပါတယ်။
ဗင်နီဇွဲလား ယာယီသမ္မတ ဒယ်လ်စီ ရိုဒရီဂက်စ်က နိုင်ငံထဲက အကျဉ်းသား ရာပေါင်းများစွာအတွက် “လွတ်ငြိမ်းခွင့်ဥပဒေ” ကို အဆိုပြုထားတယ်လို့ ကြေညာခဲ့ပါတယ်။
အကျဉ်းသားတွေကို နှိပ်စက်တဲ့နေရာအဖြစ် လူ့အခွင့်အရေးအဖွဲ့တွေက အချိန်အကြာကြီး ရှုတ်ချခဲ့တဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ကာရာကတ်စ်မြို့တော်က အယ်လီကွိုင်ဒယ် ထိန်းသိမ်းရေးစခန်းကို မြို့တော်က အားကစားနဲ့ လူမှုရေးဝန်ဆောင်မှုတွေအတွက် ဗဟိုဌာနအဖြစ် ပြောင်းမယ်လို့လည်း သူက ပြောခဲ့ပါတယ်။
Source: Reuters


