
ဗင်နီဇွဲလားနိုင်ငံရဲ့ ယာယီသမ္မတ ဒဲလ်စီရိုဒရီဂတ်ဇ်ဟာ နိုင်ငံအတွင်းရှိ အကျဉ်းသား ရာပေါင်းများစွာအတွက် အဆိုပြုထားတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ဥပဒေတရပ်ကို ဇန်နဝါရီ ၃၀ ရက်မှာ ကြေညာခဲ့ပါတယ်။
ဒါ့အပြင် အကျဉ်းသားတွေကို နှိပ်စက်ညှင်းပန်းမှုတွေကြောင့် နာမည်ဆိုးနဲ့ကျော်ကြားတဲ့ မြို့တော် ကရာကာ့စ်ရှိ အယ်လီကွိုဒ် အကျဉ်းထောင်ကိုလည်း အားကစားနဲ့ လူမှုရေးစင်တာအဖြစ် ပြောင်းလဲမယ်လို့လည်း ပြောပါတယ်။
ဒီဥပဒေဟာ နိုင်ငံရေးပဋိပက္ခ၊ အကြမ်းဖက်မှုနဲ့ အစွန်းရောက်ဝါဒကြောင့် ကျန်ရစ်ခဲ့တဲ့ ဒဏ်ရာတွေကို ကုစားပေးတဲ့ ဥပဒေတရပ် ဖြစ်စေရမှာဖြစ်ပြီး ဗင်နီဇွဲလားမှာ တရားမျှတမှုကို ပြန်လည်ထူထောင်ဖို့နဲ့ နိုင်ငံသားတွေအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို ပြန်လည်ထူထောင်ဖို့ ဆောင်ရွက်ပေးနိုင်လိမ့်မယ်လို့ ရိုဒရီဂတ်ဇ်က တရားရုံးချုပ်မှာကျင်းပတဲ့ အခမ်းအနားတခုမှာ ပြောပါတယ်။
ဒီဥပဒေဟာ ၁၉၉၉ ခုနှစ်မှ ဒီနေ့အထိ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ရာပေါင်းများစွာအပြင် စည်းကမ်းကန့်သတ်ချက်တွေနဲ့ လွတ်မြောက်နေသူတွေအပေါ်လည်း သက်ရောက်မှာ ဖြစ်ပြီး လူသတ်မှု၊ ပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေမှာ ပါဝင်ပတ်သက်သူတွေကိုတော့ ဒီဥပဒေနဲ့ လွတ်ငြိမ်းခွင့်ပေးမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။
အကျဉ်းသားတွေကို ဖိနှိပ်ညှင်းပန်းခဲ့ရာနေရာအဖြစ် လူ့အခွင့်အရေးအဖွဲ့တွေက ကာလကြာရှည် ရှုတ်ချဝေဖန်ခဲ့တဲ့ အယ်လီကွိုဒ်အကျဉ်းထောင်ကို အစပိုင်းက စျေးဝယ်စင်တာအဖြစ် ဒီဇိုင်းရေးဆွဲထားခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ နောက်ပိုင်းမှာ နိုင်ငံတော်လုံခြုံရေးအဖွဲ့တွေက အကျဉ်းသားတွေကို ညှဉ်းပန်းနှိပ်စက်တဲ့ နေရာအဖြစ် အသုံးချခဲ့ကြောင်း ၂၀၂၂ ခုနှစ်တွင် ကုလသမဂ္ဂအစီရင်ခံစာတစောင်မှာ ဖော်ပြခဲ့ပြီး အစိုးရဘက်ကတော့ အဲဒီအချက်အလက်တွေကို ငြင်းဆိုထားပါတယ်။
မကြာသေးမီကလည်း ထောင်အပြင်ဘက်မှာ အကျဉ်းသားမိသားစုတွေက လွတ်မြောက်ရေး တောင်းဆိုဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
မိသားစုတွေနဲ့ အခွင့်အရေးလှုပ်ရှားသူတွေဟာ နိုင်ငံရေးအကျဉ်းသားတွေအဖြစ် သတ်မှတ်ခံထားရတဲ့ အကျဉ်းသားတွေအပေါ် စွဲချက်တွေနဲ့ ပြစ်ဒဏ်ချမှတ်မှုတွေကို ပယ်ဖျက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်နဲ့ ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် မာရီယာကိုရီနာ မာချာဒို ကတော့ ဒီအဆိုပြုချက်ဟာ ဗင်နီဇွဲလားပြည်သူတွေအတွက် အောင်ပွဲခံရမဲ့ အခြေအနေ မဟုတ်သေးပေမဲ့ ဒီမိုကရေစီနဲ့ ပြန်လည်သင့်မြတ်ရေးဆီ ဦးတည်ပြီး နောက်ပြန်လှည့်လို့မရတဲ့ လမ်းကြောင်းတခုလို့ ပြောပါတယ်။
ညှင်းပန်းနှိပ်စက်ရေးစင်တာတွေမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသား အယောက် ၇၀၀ ကျော် အမြန်ဆုံးလွတ်မြောက်လာပြီး မိသားစုနဲ့ ပြန်လည်ဆုံစည်းနိုင်ဖို့ မျှော်လင့်ကြောင်းလည်း သူက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက်မှစပြီး နိုင်ငံရေးအကျဉ်းသား ၃၀၃ ယောက်လွတ်မြောက်လာခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီလွတ်မြောက်မှုတွေဟာ သမ္မတ နိကိုလပ်စ်မာဒူရိုကို အမေရိကန်က မူးယစ်ဆေးဝါး အကြမ်းဖက်မှုစွဲချက်တွေနဲ့ နယူးယောက်တရားရုံးမှာ ဖမ်းဆီးတရားစွဲဆိုပြီးနောက် ပေါ်ပေါက်လာတာပါ။ မာဒူရို ကတော့ စွဲချက်တွေကို ငြင်းဆိုထားပါတယ်။
Source:Reuters


