
ရန်ကုန်မြို့က အင်းစိန်အကျဉ်းထောင်တွင်း ဖမ်းဆီးခံထားရတဲ့ ဓာတ််ပုံသတင်းထောက် မြတ်သူကျော်အပေါ် ကိုယ်ထိလက်ရောက် ညှဉ်းပန်းနှိပ်စက်မှုကို သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (CPJ) က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်ပြီး သူ့ကို ချက်ချင်းပြန်လွှတ်ပေးဖို့ ဇန်နဝါရီ ၂၈ ရက်မှာ ကြေညာချက်ထုတ််ပြန် တောင်းဆိုလိုက်ပါတယ်။
မြတ်သူကျော်နဲ့ တခြား နိုင်ငံရေးအကျဉ်းသား ၃ ယောက်ကို အကျဉ်းထောင်အာဏာပိုင်တွေရဲ့ တိုက်ရိုက်အမိန့်အရ ဖမ်းဆီးခံ ထိုင်ဝမ်မူးယစ်ဆေးဝါးဂိုဏ်းဝင်တွေကို အသုံးပြုကာ တိုက်ခိုက်ဖို့ စီစဉ်ခဲ့တာလို့ AAMIJ သတင်းဌာနအယ်ဒီတာ ကိုနေမျိုး (လုံခြုံရေးအရ အမည်ဝှက်) က CPJ ကို ပြောပါတယ်။
လက်ရှိမှာ မြတ်သူကျော်ဟာ မျက်စိ၊ မျက်နှာနဲ့ လက်မောင်းတို့မှာ ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့ပြီး ဆေးကုသမှုခံယူနိုင်ဖို့ ထောင်ဆေးရုံကို ခေတ္တတင်ပို့ခဲ့ရကြောင်းလည်း ကိုနေမျိုးက ဆိုပါတယ်။
CPJ အဖွဲ့ရဲ့ အရှေ့တောင်အာရှဆိုင်ရာ အကြီးတန်းကိုယ်စားလှယ် ရှောင် ခရစ္စ ပင်က “မြတ်သူကျော်အပေါ် ကိုယ်ထိလက်ရောက် ညှဉ်းပန်းနှိပ်စက်မှုဟာ မြန်မာနိုင်ငံက အကျဉ်းကျနေတဲ့ သတင်းသမားတွေ ရင်ဆိုင်နေရတဲ့ ကြောက်မက်ဖွယ် အခြေအနေတွေရဲ့ နောက်ထပ် ထိတ်လန့်စရာ သာဓကတခုပါပဲ” လို့ ပြောပါတယ်။
“မြတ်သူကျော်ရဲ့ ဘေးကင်းလုံခြုံရေးနဲ့ ကျန်းမာရေးအတွက် တာဝန်ယူဖို့၊ ဖမ်းဆီး ထားစဉ်အတွင်း ညှဉ်းပန်းနှိပ်စက်မှု ပုံစံအားလုံးကို ရပ်တန့်ဖို့နဲ့ သူ့အပါအဝင် အလုပ်တာဝန်ကြောင့် ဖမ်းဆီးခံထားရတဲ့ သတင်းထောက်အားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ CPJ က မြန်မာအာဏာပိုင်တွေကို တိုက်တွန်းပါတယ်”
ပြည်တွင်း၊ ပြည်ပ သတင်းဌာနတွေမှာ လုပ်ကိုင်ခဲ့တဲ့ ဝါရင့်အလွတ်တန်း ဓာတ်ပုံ သတင်းထောက် မြတ်သူကျော်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၃ ရက်က ရန်ကုန်မြို့ ဆန္ဒပြပွဲတခုမှာ သတင်းရယူရင်း ဖမ်းဆီးခံခဲ့ရတာပါ။
၂၀၂၃ ခုနှစ် ဇူလိုင် ၃၁ ရက်မှာတော့ အင်းစိန်အကျဉ်းထောင်တွင်း စစ်ခုံရုံးက သူ့ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သလို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၈ ရက်မှာ သူ့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ နောက်ထပ် ထောင်ဒဏ် ၅ နှစ်နဲ့ ၆လ ထပ်မံချမှတ်ခဲ့တာကြောင့် စုစုပေါင်း ထောင်ဒဏ် ၈ နှစ်ခွဲ ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သူဟာ အမြင့်ဆုံး ပြစ်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်တဲ့ နိုင်ငံတော် လျှို့ဝှက်ချက်များ အက်ဥပဒေနဲ့လည်း တရားစွဲဆိုခံရနိုင်ခြေ ရှိနေကြောင်း ကိုနေမျိုးက ပြောပါတယ်။
CPJ အဖွဲ့ရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁ ရက်အထိ သတင်းထောက် အနည်းဆုံးအယောက် ၃၀ လောက် ဖမ်းဆီးခံထားရပြီး မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံပြီးရင် ကမ္ဘာပေါ်မှာ သတင်းထောက်တွေကို အဆိုးရွားဆုံး ဖမ်းဆီးအကျဉ်းချတဲ့ နိုင်ငံဖြစ်လာနေတယ်လို့ ဖော်ပြပါတယ်။
မြတ်သူကျော်ရဲ့ အကျဉ်းထောင်တွင်း အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ CPJ အဖွဲ့က သက်ဆိုင်ရာဆီ အီးမေးလ်ပေးပို့ ဆက်သွယ်မေးမြန်းမှုကို စစ်ကောင်စီ ပြန် ကြားရေးဝန်ကြီးဌာနက တစုံတရာ အကြောင်းပြန်ခြင်း မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။


