
ဘရာဇီးသမ္မတဟောင်း ဂျိုင်ရ် ဘော်လ်ဆိုနာရိုကို တရားရုံးချုပ် တရားသူကြီး အာလက်ရှန်ဒရီ ဒီ မိုးရာ့စ်ရဲ့ အမိန့်အရ ဇန်နဝါရီ ၁၅ ရက်မှာ ပိုကြီးတဲ့ အချုပ်ခန်းကို ပြောင်းရွှေ့ပေးခဲ့ကြောင်း တရားရုံးက ပြောပါတယ်။
ဖက်ဒရယ်ရဲတပ်ဖွဲ့ ကြီးကြပ်ရေးမှူးရုံးရှိ အခန်းကျဉ်းငယ်တခုမှာ အာဏာသိမ်းဖို့ ကြံစည်မှုနဲ့ ထောင်ဒဏ် ၂၇ နှစ် ကျခံနေရတဲ့ ဘော်လ်ဆိုနာရိုကို နိုင်ငံရေးသမားတွေကို ထိန်းသိမ်းထားတဲ့ နေရာဖြစ်တဲ့ ဘရာစီလီယာမြို့ရှိ ပါပူဒါအကျဉ်းထောင်ကို ပြောင်းရွှေ့ခဲ့တာပါ။
အဲဒီထောင်ဟာ ဘော်လ်ဆိုနာရို အာဏာရှိချိန်တုန်းက ဘရာဇီး တရားရေးဝန်ကြီး အင်ဒါဆန် တောရက်စ် အပါအဝင် တခြား ဘရာဇီးနိုင်ငံရေးသမားတွေကို ထောင်ချခဲ့တယ်လို့ နာမည်ကြီးတဲ့ ပါပူဒါ အကျဉ်းထောင်ထဲက ပါပူဒင်ဟာ အဆောက်အအုံမှာ ကျခံရစေဖို့ စီစဉ်ထားတာပါ။
ဘော်လ်ဆိုနာရိုရဲ့ ဥပဒေအဖွဲ့ကတော့ တရားရုံး ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုမှုကို ချက်ချင်းတုံ့ပြန်ခြင်း မရှိပါဘူး။
သမ္မတဟောင်းရဲ့ အကျဉ်းထောင်အသစ်ဟာ ၆၅ စတုရန်းမီတာလောက်ရှိပြီး အခုချိန်ထိ သူနေထိုင်ခဲ့တဲ့ ၁၂ စတုရန်းမီတာ အကျယ်အဝန်းရှိတဲ့ အခန်းထက် ပိုကြီးမားပါတယ်။
သူ့ရဲ့ အကျဉ်းခန်းထဲမှာ အိပ်ခန်း၊ ရေချိုးခန်း၊ မီးဖိုချောင်နဲ့ ဧည့်ခန်းတို့ ပါဝင်ပြီး သူဟာ သူ့ပြစ်ဒဏ်ကို တယောက်တည်း ကျခံရမယ်လို့ တရားရုံးက ပြောပါတယ်။
၂၀၁၈ ရွေးကောက်ပွဲ မဲဆွယ်ပွဲတခုအတွင်း ဝမ်းဗိုက်မှာ ဓားထိုးခံရတာနဲ့ ဆက်စပ်တဲ့ ခွဲစိတ်မှု အများအပြား ပြုလုပ်ခဲ့ရတဲ့ ဘော်လ်ဆိုနာရို အတွက် ဒီလုပ်ဆောင်ချက်ဟာ ဆေးဘက်ဆိုင်ရာ အကူအညီနဲ့ မိသားစုဝင်တွေဆီက အပတ်စဉ် လာရောက်တွေ့ဆုံနိုင်မဲ့ အခြေအနေကောင်းတွေကို ရရှိစေနိုင်မှာဖြစ်ကြောင်း တရားရုံးချုပ်တရားသူကြီး မိုးရာ့စ်က ပြောပါတယ်။
လက်ယာစွန်းဝါဒီ ခေါင်းဆောင် ဘော်လ်ဆိုနာရိုဟာ သူ့ရဲ့ ကျန်းမာရေးအခြေအနေကြောင့် “လူသားချင်းစာနာ ထောက်ထားမှုအရ နေအိမ်အကျယ်ချုပ်” နဲ့ ပြစ်ဒဏ်ကျခံရဖို့ ခွင့်ပြုချက် တောင်းခံနေခဲ့တာဖြစ်ပြီး တရားရုံးချုပ် တရားသူကြီး မိုးရာ့စ်က ထွက်ပြေးနိုင်တဲ့အန္တရာယ် ရှိတယ်လို့ ထောက်ပြကာ ငြင်းဆိုထားခဲ့တာ ဖြစ်ပါတယ်။
Source: Reuters


