
အီကွေဒေါရဲတပ်ဖွဲ့ဟာ နိုင်ငံအနောက်တောင်ပိုင်း မာချာလာ ဆိပ်ကမ်းမြို့ရှိ အကျဉ်းထောင်တခုမှာ လူ ၁၃ ယောက် သေဆုံးနေတာကို တွေ့ရှိခဲ့ကြောင်း အီကွေဒေါ အကျဉ်းထောင်အေဂျင်စီ SNAI က ဒီဇင်ဘာ ၈ ရက်မှာ ပြောပါတယ်။
မာချာလာအကျဉ်းထောင်မှာ လူတွေသေဆုံးရတာရဲ့ တရားဝင်အကြောင်းရင်းတွေကို ဆုံးဖြတ်ဖို့ ရင်ခွဲစစ်ဆေးမှုတွေနဲ့ ပုံမှန်လုပ်ထုံးလုပ်နည်းတွေကို လုပ်ဆောင်နေကြောင်းလည်း အေဂျင်စီက ထပ်လောင်းပြောပါတယ်။
အကျဉ်းထောင်အဝန်းအဝိုင်းရဲ့ အပြင်ဘက်မှာ ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပြီးနောက် ရဲတပ်ဖွဲ့က အကျဉ်းထောင်ကို ပြန်လည်သုံးသပ်မှု စတင်ခဲ့ပါတယ်။
ဇုန် ၇ ရဲတပ်ဖွဲ့မှူး ဗိုလ်မှူးကြီး ဖာဘာရီ မွန်တယ်လ်ဗိုက “ဒီဖောက်ခွဲရေးပစ္စည်း ပေါက်ကွဲခဲ့တဲ့နေရာမှာ အချင်း ၂၀ စင်တီမီတာလောက်နဲ့ အနက် ၃ စင်တီမီတာလောက်ရှိကြောင်း အတည်ပြုနိုင်ပါတယ်” လို့ ပြောကြားပါတယ်။
ယာယီထိန်းသိမ်းရေးစခန်း ဧရိယာမှာ အသေးစိတ် စစ်ဆေးမှုတွေကို အတည်ပြုဖို့နဲ့ ဆောင်ရွက်ဖို့ အတွက် လိုက်နာရမဲ့ စည်းမျဉ်းတွေကို စတင်လုပ်ဆောင်ခဲ့ကြောင်းလည်း သူက ဆိုပါတယ်။
အဲဒီအကျဉ်းထောင်မှာ မကြာသေးတဲ့လတွေအတွင်း တခြားအကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ရာ နေရာလည်း ဖြစ်ပါတယ်။
နိုဝင်ဘာလမှာ အဓိကရုဏ်း ဖြစ်ပွားခဲ့ပြီးနောက် အနည်းဆုံး ၃၁ ယောက် သေဆုံးခဲ့ကြောင်း SNAI က သတင်းထုတ်ပြန်ခဲ့ပြီး သေဆုံးမှုအများစုမှာ အသက်ရှူကျပ်ခြင်းကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး ခိုင်မာတဲ့ရပ်တည်ချက်ကို ကတိပြုထားတဲ့ သမ္မတ ဒန်နီရယ် နိုဘိုအာရဲ့ အစိုးရအဖွဲ့ဟာ အီကွေဒေါအကျဉ်းထောင်တွေမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေဟာ ပြိုင်ဘက်ဂိုဏ်းတွေရဲ့ ဩဇာလွှမ်းမိုးမှုနဲ့ နယ်မြေထိန်းချုပ်မှုအတွက် ယှဉ်ပြိုင်နေကြတာကြောင့်လို့ အပြစ်တင်ထားပါတယ်။
Source: Reuters


