
မကွေးမြို့နယ်၊ မကွေး-ရေနံချောင်း ကားလမ်းပေါ်မှာရှိတဲ့ မကွေးဗဟိုအကျဥ်းထောင် (ခေါ်) ဒေါင်းနေထောင်မှာ အကျဥ်းသားအရေအတွက် အလွန်များပြားနေလို့ အရေပြားရောဂါ ဖြစ်ပွားနေပြီး ဆေးဝါးလုံလောက်မှု မရှိဘူးလို့ အဆိုပါအကျဥ်းထောင်နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
အကျဉ်းထောင်မှာ အကျဥ်းသား/အကျဥ်းသူ စုစုပေါင်း ၃,၄၀၀ ကျော်ရှိပြီး အပေါ် ၄ ခန်း၊ အောက် ၄ ခန်းပါတဲ့ အမျိုးသားအဆောင်ကြီး ၄ ဆောင်နဲ့ အမျိုးသမီးအဆောင်ကြီး တဆောင်အပြင် တိုက်တွေထဲနဲ့ ဆေးရုံဆောင်မှာပါ အကျဥ်းသားတွေ ပြည့်ကျပ်နေပြီး အဆောင်တွေက အခန်းတခန်းကို အကျဥ်းသား ၇၀ နီးပါးလောက် နေကြရတာ ဖြစ်ပါတယ်။
အကျဥ်းထောင်နဲ့ နီးစပ်သူတယောက်က “အိပ်ရတဲ့နေရာက တတောင်လောက်ပဲ ရှိတယ်။ တယောက်နဲ့ တယောက် ထိကပ်ပြီး အိပ်ကြရတာဆိုတော့ အရေပြားရောဂါတွေ ဖြစ်ကြတာပေါ့။ အဆောင်တွေမှာနေရတဲ့ အကျဥ်းသားတွေဆိုရင် အရေပြားရောဂါ မဖြစ်တဲ့သူ မရှိဘူး။ ထောင်ဆေးရုံမှာက အဲဒီလို အရေပြားရောဂါနဲ့ပတ်သက်တဲ့ လိမ်းဆေး၊ စားဆေးတောင် အပြည့်အဝရှိတာ မဟုတ်ဘူး။ တတ်နိုင်တဲ့ အကျဥ်းသားတွေကတော့ မိသားစုတွေဆီ ဆေးပြန်မှာကြတယ်။ ထောင်ဈေးဘားကနေ မှာလို့ရပေမဲ့ ဈေးကြီးတယ်။ အဆောင်တွေထဲကို လိမ်းဆေးနဲ့ စားဆေးတွေက အပိုယူထားလို့ မရဘူး။ ကိုယ့်အိမ်က ပြန်မှာတဲ့ဆေးတွေတောင်မှပဲ ထောင်ကိုအပ်ထားပြီး လိုအပ်တဲ့အချိန်ကျမှ တခါသောက်၊ တခါလိမ်း ဆိုပြီး ယူရတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီဟာ နိုဝင်ဘာ ၂၆ ရက်မှာ ၅၀၅ (က) နဲ့ မတရား ပြစ်ဒဏ် ချမှတ်ခံထားရသူတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးရာမှာလည်း မကွေးဗဟိုအကျဥ်းထောင်ကနေ ၁၁ ယောက်သာ ပြန်လည်လွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။
အကျဥ်းထောင်တာဝန်ကျ ဝန်ထမ်းတယောက်က “အဲဒီတုန်းက လွတ်ငြိမ်းမှာ အမျိုးသား ၉ ယောက်နဲ့ အမျိုးသမီး ၂ ယောက် လွတ်ပါတယ်။ လွတ်လာတဲ့ ၁၁ ယောက်ထဲမှာလည်း ကျန်ကာလအတွက် ခံဝန်ထိုးပြီးမှ လွတ်သွားသူတွေလည်း ပါတယ်။ အထဲမှာ ကျန်နေခဲ့တဲ့ ၅၀၅ အပြင် တခြားပုဒ်မတွေနဲ့ အကပ်ခံထားရသူတွေကတော့ ၅၀၅ ပုဒ်မတွေ လုံးလုံးပြုတ်ပါတယ်” လို့ ပြောပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစလို့ ပြည်သူရွေးကောက်တင်မြှောက်ထားတဲ့ NLD ပါတီ အရပ်သားအစိုးရဆီကနေ စစ်တပ်က အာဏာသိမ်းပြီး မကွေးတိုင်း၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မကွေးတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ မကွေးတိုင်းထဲက တခြား၀န်ကြီးဌာနတွေက ၀န်ကြီးတွေနဲ့ NLD လွှတ်တော်ကိုယ်စားလှယ်တွေကို မကွေးဗဟိုအကျဥ်းထောင်မှာ မတရား ဖမ်းဆီးချုပ်နှောင်ထားတာ ၅ နှစ်နီးပါး ရှိလာခဲ့ပြီလည်း ဖြစ်ပါတယ်။


