
အာရက္ခတပ်တော် (AA) ရဲ့ တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ၄၇ နှစ်မြောက် မွေးနေ့မှာ စစ်ကောင်စီ၊ ARSA နဲ့ RSO အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်နွှယ်သူတွေအပါအဝင် အကျဥ်းသား ၉၈ ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးလိုက်တယ်လို့ AA နဲ့ နီးစပ်သူတွေက ပြောပါတယ်။
လွတ်ငြိမ်းနဲ့ လွှတ်ပေးလိုက်တဲ့အထဲမှာ စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်နဲ့ မောင်တော မြို့နယ်တို့က အကျဥ်းသားတွေ ဖြစ်ကြပြီး ရခိုင်၊ မွတ်စလင်နဲ့ မြို၊ ခမီ လူမျိုးတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် လက်ရှိ လွှတ်ပေးလိုက်တဲ့သူတွေဟာ စစ်ကောင်စီ၊ ARSA၊ RSO နဲ့ ဆက်စပ်သူတွေ အပါအဝင် လွှတ်ပေးလို့ရနိုင်တဲ့ ပြစ်ဒဏ်ကျ အကျဥ်းသားတွေဖြစ်ပြီး မိသားစုဝင်တွေကို ခေါ်ယူကာ အပ်နှံခဲ့တာလို့ AA နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“ဗိုလ်ချုပ်ရဲ့မွေးနေ့မှာ လွှတ်ပေးလို့ ရနိုင်တဲ့ ပြစ်ဒဏ်ကျ အကျဥ်းသား ၉၈ ဦးကို မိသားစုဝင်တွေနဲ့ တဆင့် လွတ်ငြိမ်းပေးလိုက်တာ ရှိတယ်။ အဓိကတော့ လူသားချင်းစာနာမှုနဲ့ လွှတ်ပေးလိုက်တာပေါ့။ မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တို့က စစ်ကောင်စီ၊ ARSA၊ RSO တို့နဲ့ ဆက်စပ်မှုနဲ့ ဖမ်းဆီးထားသူတွေအထဲက လွှတ်ပေးလို့ရနိုင်တဲ့ အကျဉ်းသား ၈၂ ဦး ပါတယ်။ နောက် ကျောက်တော်၊ မြောက်ဦး၊ စစ်တွေမြို့နယ်တွေက ပြစ်ဒဏ်နည်း အကျဉ်းသား ၁၆ ဦး ပါတယ်။ လူမျိုးကတော့ ရခိုင်၊ မွတ်စလင်၊ မြိုလူမျိုးနဲ့ ခမီတွေလည်း ပါတယ်။”
လွတ်ငြိမ်းနဲ့ လွှတ်ပေးလိုက်တဲ့သူတွေဟာ မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်က ၈၂ ယောက်၊ မြောက်ဦးမြို့နယ်က ၉ ယောက်၊ ကျောက်တော်မြို့နယ်က ၆ ယောက်နဲ့ စစ်တွေမြို့နယ်က တယောက်တို့ ဖြစ်ပြီး ပြစ်မှုနည်းပါးတဲ့သူတွေကို ဦးစားပေး လွှတ်ပေးလိုက်တာလို့ သိရပါတယ်။
အာရက္ခတပ်တော်ဟာ ရခိုင်တိုက်ပွဲမှာ ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်း မိသားစုဝင် ထောင်နဲ့ချီပြီး ပြန်လည်လွှတ်ပေးခဲ့တာတွေလည်း ရှိခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ AA က မြို့နယ် ၁၄ ခုနဲ့ ပလက်ဝမြို့နယ်တို့ကို ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့ကို ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။


