
ရခိုင်ပြည်က အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ နေရပ်စွန့်ခွာနေကြရတဲ့ စစ်ဘေးရှောင်တွေ ငွေကြေးမတတ်နိုငနိုင်လို့ ဆေးဝါးကုသခွင့် ဆုံးရှုံးနေကြရတယ်လို့ စစ်ဘေးရှောင်တွေနဲ့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
ရခိုင်မှာ ဆေးဝါးပြတ်လပ်တာ၊ ဈေးကြီးပေးဝယ်နေရတာ၊ ဒေသတွင်း ဆေးရုံဆေးခန်း လုံလောက်မှု မရှိတာတွေကြောင့် ဆေးရုံကိုသွားပြီး ဆေးကုသခံယူပါက ခရီးစရိတ်က အနည်းဆုံး ကျပ် ၃ သိန်းအထိ ပေါက်ဈေးရှိနေတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
ဒါဟာ ဆေးရုံကိုသွားရောက်ရမယ့် ခရီးစရိတ်သာဖြစ်ပြီး ဆေးဝါးကုသစရိတ်၊ စားစရိတ် စတာတွေ မပါရှိသေးဘူးလို့ဆိုပါတယ်။
အခုလို ခရီးစရိတ်ကုန်ကျမှု များပြားနေတဲ့အပြင် ဆေးကုသစရိတ်လည်း မတတ်နိုင်တဲ့အတွက် အခြေခံ လက်လုပ်လက်စားသမားတွေနဲ့ စစ်ဘေးရှောင်တွေဟာ ဆေးကုသမှုခံယူခွင့် ဆုံးရှုံးနေကြရတယ်လို့ ရသေ့တောင်မြို့နယ် ဒေသခံတယောက်က ပြောပါတယ်။
“လက်လုပ်လက်စားတွေက အခက်အခဲပိုရှိပါတယ်။ မိုးရေထဲမှာ ဟင်းရှာ၊ ငါးရှာထွက်ဖို့လည်း ရာသီကူးပြောင်းချိန်မို့ နေမကောင်းဖြစ်ဖို့ စိတ်ပူရတယ်။ နေမကောင်းတခါဖြစ်ရင် ဆေးရုံ၊ ဆေးခန်း တခုခုကို သွားဖို့က အနည်းဆုံး ၃ သိန်းလောက်ထိ ကုန်ကျမှုမရှိဘဲ မသွားနိုင်ဘူး။ ခုက အရင်လို လမ်းခရီးတွေက အဆင်မပြေတော့ ခရီးစရိတ်လည်း ပိုကြီးလာတယ်။ ခုလို အချိန်အခါမဟုတ် မိုးရွာနေတာက ကျနော်တို့လို လက်လုပ်လက်စားသမားတွေနဲ့ စစ်ရှောင်တွေအတွက်က ပိုခက်ခဲပါတယ်။ ကျန်းမာရေးထိခိုက်ဖို့ စိုးရိမ်ရတယ်လေ။ တခုခုကို သွားလာမယ်ဆိုရင် စက်လှေကို စင်းလုံးငှားသွားရတယ်၊ အရင်တုန်းကလို ပုံမှန်ပြေးဆွဲနေတဲ့ စက်လှေတွေက မရှိတော့ဘူးလေ။”
ရခိုင်မှာ တကျော့ပြန်တိုက်ပွဲစဖြစ်တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကစပြီး စစ်တပ်က ဆေးဝါးသယ်ယူခွင့်တွေကို ပြင်းပြင်းထန်ထန်ပိတ်ဆို့ခဲ့တာကြောင့် ဒေသတွင်း ဆေးဝါးတွေပြတ်လပ်လာကာ ဆေးဝါးရှားပါးမှုဒဏ်ကို ခုချိန်ထိ ခံစားနေကြရတာပါ။
လက်ရှိမှာလည်း ရခိုင်မှာ ဒီကိုဂျင်တကတ်ကို ၆,၀၀၀ ကျပ်၊ ဘိုင်အိုဂျက်ဆစ်တကတ်ကို ၄,၀၀၀ ကျပ် နဲ့ ပါရာစီတမောတကတ်ကို ၁,၀၀၀ ကျပ် ပေးဝယ်နေရပြီး ဒါဟာ အလုပ်အကိုင် ရှားပါးနေတဲ့ ရခိုင်က စစ်ဘေးရှောင်တွေအတွက် မတတ်နိုင်တဲ့ဈေး ဖြစ်နေတယ်လို့ ဆိုပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်ဘေးရှောင်ကူညီနေသူတယောက်က “တချို့စစ်ရှောင်တွေဆိုရင် ဆေးကုသစရိတ်တွေ မတတ်နိုင်လို့ ဆေးရုံ ဆေးခန်းမသွားနိုင်ဘူးပေါ့။ (ဆေးမြီးတို) ဒေသအခေါ် တောဆေး၊ အုံဆေး နဲ့ ဆေးဆိုင်သေးသေးလေးတွေက ဆေးတွေကိုပဲ သောက်ရတာပေါ့။ အလုပ်အကိုင်မဲ့ပြီး ဝင်ငွေမရှိတဲ့ စစ်ရှောင်တွေက တော်တော်များပါတယ်။ ဆေးရုံ၊ ဆေးခန်း သွားမယ်ဆို အခက်အခဲက တော်တော်များများကြီးပါတယ်။ ခရီးစရိတ်တွေကလည်းကြီး၊ ဆေးကုသစရိတ်ကလည်း ဈေးအရမ်းကြီးတော့လေ။ ဒီလိုမျိုး ဆေးတခွက်တောင် ဝယ်မသောက်နိုင်ဘဲ ဆေးမြီးတိုတွေနဲ့ပဲ ဖြေရှင်းလိုက်ရတာပေါ့လေ။ ဒါကြောင့် နေမကောင်းရင်တောင် ဆေးရုံဆေးခန်း မသွားနိုင်ဘဲ ကြိတ်မှိတ်ပြီး ခံစားနေကြရတာပေါ့” လို့ ပြောပါတယ်။
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် (AA) က ကျန်းမာရေး၊ ပညာရေး ကဏ္ဍအသီးသီးမှာ ဝန်ဆောင်မှုတွေ ပေးနေပေမဲ့ ကုန်စည်စီးဆင်းမှုနဲ့ နိုင်ငံတကာအကူအညီ ရရှိမှုတွေက အားနည်းနေဆဲဖြစ်ပါတယ်။
ရခိုင်မှာ တကျော့ပြန်တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူ ၆ သိန်းကျော် ရှိနေပြီး စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့ အခြေခံလိုအပ်ချက်တွေနဲ့ ပြည့်နှက်နေဆဲဖြစ်ပါတယ်။
ကေခိုင်


