
ရခိုင် ရေပိုင်နက်အထဲကို ဝင်ရောက်ပြီး ငါးခိုးဖမ်းခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ငါးဖမ်းသမား ၄ ယောက်ကို အောက်တိုဘာ ၂၇ ရက်မှာ အာရက္ခတပ်တော် (AA) ရဲ့ ကမ်းခြေစောင့်တပ်က ဖမ်းဆီးလိုက်တယ်လို့ ကမ်းခြေစောင့်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနဖ်မြို့နယ်က ငါးဖမ်းသမား ၄ ယောက်ဟာ စက်လှေတစင်းနဲ့ ရခိုင်ရေပိုင်နက်အတွင်းကို အောက်တိုဘာ ၂၇ ရက် မနက်ပိုင်းမှာ ဝင်ရောက်ပြီး ငါးခိုးဖမ်းခဲ့တဲ့အတွက် အာရက္ခတပ်တော်က လှမ်းခေါ်စဥ် ထွက်ပြေးဖို့ ကြိုးစားတာကြောင့် ဖမ်းဆီးခဲ့တာလို့ သတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“သူတို့က ရခိုင်ရေပိုင်နက်အထဲကို ခိုးဝင်ပြီးတော့ ငါးဖမ်းကြတာ။ ကမ်းခြေစောင့်က လှမ်းခေါ်တာကို မလာဘဲ ထွက်ပြေးဖို့ ကြိုးစားတာကြောင့် ဖမ်းဆီးခဲ့တာဖြစ်တယ်။ သူတို့ကို ရေပိုင်နက်ခိုးဝင်မှုနဲ့ ဥပဒေအရ အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်။”
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ငါးဖမ်းသမားတွေဟာ ရခိုင်ရေပိုင်နက်ကို ခိုးဝင် ငါးဖမ်းပြီးတော့ ရခိုင်ဒေသခံ ငါးဖမ်းသမားတွေကို အုပ်စုလိုက် အနိုင်ကျင့်မှုတွေ ရှိတယ်လို့ မောင်တောမြို့နယ်က ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် စက်တင်ဘာလအတွင်းကလည်း ရခိုင်ရေပိုင်နက်ကို ခိုးဝင်ငါးဖမ်းတဲ့ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားတွေကို လိုက်လံဖမ်းဆီးရာမှာ AA ရဲ့ ကမ်းခြေစောင့် အရာရှိတယောက်နဲ့ တပ်ဖွဲ့ဝင်တယောက်ကို ငါးဖမ်းသမားတွေက သတ်ပြီး လက်နက်တွေယူဆောင်ကာ ထွက်ပြေးသွားခဲ့ပါတယ်။
အာရက္ခတပ်တော်က ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ထိန်းချုပ်ပြီးနောက် ရခိုင်ရေပိုင်နက် ခိုးဝင်ပြီး ငါးဖမ်းခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားတွေကို အစောပိုင်းမှာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) နဲ့ ညှိနှိုင်းပြီး ပြန်လွှတ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ပြန်လွှတ်ပေးတာမျိုး မရှိတော့ပါဘူး။
အာရက္ခတပ်တော်ဟာ ဘင်္ဂလားဒေ့ရှ်နဲ့ ထိစပ်နေတဲ့ မောင်တော၊ ဘူးသီးတောင်နဲ့ ပလက်ဝမြို့နယ် ၃ ခုလုံးကို ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။




