Home
မြန်မာသတင်း
ရခိုင်တောင်ပိုင်း ညပိုင်း ငါးဖမ်းခွင့် AA ပိတ်
DVB
·
October 21, 2025

ရခိုင်ပြည်နယ်တောင်ပိုင်းက အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ သံတွဲနဲ့ ဂွမြို့နယ်မှာ စစ်ကောင်စီတပ် ငါးဖမ်းလှေတွေနဲ့ ဝင်ရောက်လာမှာစိုးတာကြောင့် ညဘက် ငါးဖမ်းခွင့်ကို AA က ပိတ်လိုက်တာလို့ ဒေသခံတွေဆီက သိရပါတယ်။

ကမ်းခြေတွေကို စစ်ကောင်စီရေတပ်က မကြာခဏ လက်နက်ကြီးနဲ့ ပစ်ခတ်နေတဲ့အပြင် ငါးဖမ်း လှေတွေကိုပါ ဖမ်းဆီးနေပြီး ငါးဖမ်းလှေတွေနဲ့ ကမ်းကပ်လာမှာ စိုးရိမ်တာကြောင့် ညပိုင်း ငါးဖမ်းခွင့်ကို ပိတ်လိုက်တာလို့ ဆိုပါတယ်။

ငပလီကမ်းခြေက ဒေသခံတယောက်က “အခြေအနေဆိုးနေတာတော့ မဟုတ်ဘူး။ နေဗီက ငါးဖမ်းလှေတွေနဲ့ ညဘက်တွေ ဝင်လာမှာစိုးလို့ ကာကွယ်လိုက်တာ”လို့ DVB ကို‌ ပြောပါတယ်။

အရင်ကတော့ ဒေသခံတွေကို စစ်ကာလ အခက်အခဲ၊ အကျပ်အတည်းနဲ့ မိသားစု စားဝတ်နေရေးကို ဖြေရှင်းနိုင်ဖို့ ပင်လယ်ပြင်မှာ ငါးဖမ်းခွင့် အချိန်အကန့်အသတ်မရှိ ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့လက စစ်ကောင်စီရေတပ်ဟာ ငါးဖမ်းလှေတွေကို ဖမ်းဆီးတဲ့အပြင် အရပ်သားတွေကိုပါ သတ်ဖြတ်လာလို့ AA က သတိပေးချက်ထုတ်ပြန်ရတဲ့အထိ ဖြစ်လာတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၁၉ ရက် AA ထုတ်ပြန်ချက်မှာတော့ သံတွဲနဲ့ ဂွမြို့အနီးက ပင်လယ်ပြင်တွေမှာ ည ၆ နာရီကနေ မနက် ၆ နာရီအထိ ငါးဖမ်းတာတွေကို အကန့်အသတ်မရှိ ပိတ်ပင်လိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဂွမြို့က ဒေသခံတယောက်က “ငါးဖမ်းလှေတွေကို ဖမ်းပြီး အရပ်သားတွေကို သတ်လို့ ကမ်းကို ပါလာတွေ ရှိတယ်။ အဲဒါကြောင့် AA က ကမ်းဝေးငါးဖမ်းတာတွေကို တားမြစ်လိုက်တာ။ နေဗီသင်္ဘောတွေ မြင်ရင်လည်း ကမ်းကို ပြန်လာကြဖို့ အသိပေးထားတယ်” လို့ ပြောပါတယ်။

သံတွဲမြို့နဲ့ ကျောက်ဖြူဟာ ပင်လယ်ပြင်ကနေသွားရင် နီးတဲ့အပြင် ကျောက်ဖြူတိုက်ပွဲမှာ စစ်ကောင်စီတပ်ဟာ စစ်သင်္ဘောတွေနဲ့ လူအင်အားဖြည့်တင်းတာတွေ လုပ်နေသလို သံတွဲနဲ့ ဂွ ပင်လယ်ပြင်မှာလည်း စစ်သင်္ဘောတွေ မကြာခဏ သွားလာနေတာကို တွေ့ရတယ်လို့ သိရပါတယ်။

အဲဒီအပြင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေလည်း လုပ်လာသလို ကင်းထောက် လေယာဉ်ပျံ ဝဲတာတွေလည်း ပိုတွေ့လာရတာကြောင့် AA ထိန်းချုပ်ထားတဲ့ မြို့တွေကို ပြန်လည်သိမ်းယူဖို့ စစ်ကောင်စီဘက်က ပြင်ဆင်နေတာတွေကို တွေ့ရတယ်လို့ သိရပါတယ်။

အာရက္ခတပ်တော်ဟာ ရခိုင်ကမြို့နယ် ၁၇ မြို့နယ်အနက် ၁၄ မြို့နယ်ကို သိမ်းပိုက်ထားတာဖြစ်ပြီး ကျောက်ဖြူမှာတော့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာပါ။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013