
ရခိုင်ပြည်နယ်က စစ်ဘေးရှောင်တွေ လာမယ့်ဆောင်းရာသီမှာ အအေးဒဏ်ကို အန်တုနိုင်ဖို့အတွက် အနွေးထည်နဲ့ စောင်တွေ အရေးတကြီး လိုအပ်နေပါတယ်။
ဆောင်းရာသီ ရောက်ရှိလာတော့မှာ ဖြစ်တာကြောင့် စစ်ဘေးရှောင်တွေဟာ အအေးဒဏ်ကို အန်တုနိုင်ဖို့အတွက် အနွေးထည်တွေ၊ စောင်တွေ အရေးပေါ် လိုအပ်နေတယ်လို့ ရခိုင်က စစ်ဘေးရှောင်တွေနဲ့ ကူညီပေးနေသူတွေက ပြောပါတယ်။
ရခိုင်က စစ်ဘေးရှောင်တွေဟာ မြေလွတ်တွေ၊ တောတောင်တွေမှာ ဝါး၊ တာပေါ်လင်တွေနဲ့ ယာယီတဲထိုးပြီး နေထိုင်နေကြရသလို တချို့ကလည်း စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းတွေနဲ့ ဆွေမျိုးနီးစပ်အိမ်တွေမှာ စုပေါင်းပြီး နေနေကြရတာပါ။
စစ်ဘေးရှောင်လာရတာ ကြာလာတာနဲ့အတူ စစ်ရှောင်နေအိမ်တွေလည်း အမိုးအကာ ယိုယွင်းပျက်စီးလာသလို ဆောင်းရာသီ ရောက်ရှိလာတော့မှာ ဖြစ်တာကြောင့် အအေးဒဏ်ကို အန်တုနိုင်ဖို့ စိုးရိမ်ပူပန်မှုတွေလည်း ရှိနေပါတယ်။
စစ်ရှောင်ကူညီပေးနေသူ ဒေသခံတယောက်က “အမိုးအကာတွေက စပြီး စစ်ရှောင်လာကတည်းက ULA/AA အစိုးရက ဆောက်ပေးထားတဲ့အိမ်တွေ ရှိပါတယ်။ အဲဒီအိမ်တွေကလည်း တနှစ်၊ နှစ်နှစ် ကြာလာတော့ အမိုးတွေ မလုံတော့ဘူး။ မိုးတွေယိုလာတယ်၊ အိပ်ရင်တောင် လကို မြင်ရတဲ့အထိ မလုံတော့ဘူး။ ကူညီထောက်ပံ့တာတွေကလည်း နည်းတယ်လေ။ သူတို့ စပြီး စစ်ရှောင်လာကတည်းက အဝတ်တထည် ကိုယ်တခုနဲ့ပဲ ထွက်လာကြတာ။ စောင်တွေလည်း မပါဘူး၊ အနွေးထည်တွေလည်း မပါဘူး။ ဆောင်းရာသီလည်း ရောက်တော့မယ်။ ဒါကြောင့် စောင်တွေနဲ့ အနွေးထည်တွေက ပိုပြီးလိုအပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကလေးငယ်တွေ၊ သက်ကြီးပိုင်းတွေက ဆောင်းရာသီရဲ့ အအေးဒဏ်ကို မခံနိုင်တော့ဘူးလေ” လို့ ပြောပါတယ်။
တဖက်မှာလည်း ရခိုင်က စစ်ဘေးရှောင်တွေကို အာရက္ခတပ်တော် (AA) ရဲ့ HDCO နဲ့ ဒေသတွင်း ပရဟိတ အဖွဲ့အစည်းတွေက ကူညီထောက်ပံ့တာတွေ ရှိပေမဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပြည်ပအလှူရှင်တွေရဲ့ ထောက်ပံ့မှု အားနည်းနေတာတွေကြောင့် အကူအညီတွေ ဆက်လက်လိုအပ်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ပုဏ္ဏားကျွန်းလူငယ်အစည်းအရုံး (PYA) က ဦးဆောင်ပြီး လာမယ့်ဆောင်းရာသီမှာ စစ်ဘေးရှောင်တွေကို အနွေးထည်နဲ့ စောင်တွေ ထောက်ပံ့ပေးနိုင်ဖို့ “အနွေးဓာတ်ကူ ငါတို့အလှူ” ဆိုတဲ့ ကမ်ပိန်းတခုကို အောက်တိုဘာ ၉ ရက်က စတင်ပြီး ပြုလုပ်နေတယ်လို့ သိရပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်တခုတည်း မဟုတ်ဘဲ ရခိုင်ဒေသတွင်း အရေးပေါ် အကူအညီ လိုအပ်နေတဲ့ နေရာက စစ်ဘေးရှောင်မိသားစု ၂,၀၀၀ လောက်ကို အနွေးထည် ထောက်ပံ့ပေးနိုင်ဖို့အတွက် ဒီကမ်ပိန်းကို ပြုလုပ်ရတာဖြစ်တယ်လို့လည်း သိရပါတယ်။
လာမယ့် ဆောင်းရာသီမှာ စစ်ရှောင်တွေ အနွေးဒဏ်ကို အံတုနိုင်ဖို့ အနွေးထည် တထည်ကို ၅၀,၀၀၀ ကျပ်နှုန်းနဲ့ ထည့်ဝင်လှူဒါန်းနိုင်ပြီး ဆက်သွယ်လှူဒါန်းမယ်ဆိုရင် Ponnagyun Youths Association – PYA ရဲ့ Facebook page ကနေတဆင့် အသေးစိတ်ကို မေးမြန်းနိုင်တယ်လို့လည်း ဆိုပါတယ်။
PYA မှ ကိုပြည့်ဖြိုးနိုင်က “စစ်ရှောင်မိသားစု ၂,၀၀၀ ကျော်ပေါ့နော်၊ တအိမ်ထောင်စုကို စောင်အကြီး တထည်စီ ထောက်ပံ့ပေးသွားမှာပါ။ ကမ်ပိန်းပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ အာရက္ခဒေသတွင်းက စစ်ဘေးရှောင်တွေ ဆောင်းရာသီ အအေးဒဏ်ကို အန်တုနိုင်ရေး၊ အအေးဒဏ် မခံစားရစေဘဲ နွေးနွေးထွေးထွေးနဲ့ ဒီဆောင်းကို ဖြတ်သန်းနိုင်ဖို့အတွက် ရည်ရွယ်ပြီး ပြုလုပ်ရတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
ရခိုင်မှာ စစ်တပ်နဲ့ AA တို့ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း နေရပ်စွန့်ခွာနေကြရတဲ့ စစ်ဘေးရှောင်ဦးရေ ၆ သိန်းအထိ ရှိလာနေပြီး လူသားချင်းစာနာမှု အကူအညီ မရရှိတဲ့အပြင် အလုပ်အကိုင် ရှားပါးမှုဒဏ်တွေ၊ ကုန်ဈေးနှုန်း မြင့်မားမှုဒဏ်တွေကို အလူးအလဲ ခံစားနေကြရတာလည်း ဖြစ်ပါတယ်။
ကေခိုင်