
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရခိုင်ရေပိုင်နက်မှာ တရားမဝင် ငါးခိုးဖမ်းတဲ့ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၆ ယောက်ကို နိုဝင်ဘာ ၅ ရက်က အာရက္ခတပ်တော် (AA) ကမ်းခြေစောင့်တပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
နိုဝင်ဘာ ၅ ရက် ညနေက မောင်တောမြို့နယ်၊ အလယ်သံကျော်ချောင်းဝ ကမ်းစပ်မှာ စက်လှေပျက်ပြီးတော့ ကျောက်ချ ရပ်တန့်ထားတဲ့ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၆ ယောက်ပါ စက်လှေတစီးကို အာရက္ခတပ်တော် ကမ်းခြေစောင့်တပ်ဖွဲ့က သွားရောက် ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
လက်ရှိ ဖမ်းဆီးရမိထားတဲ့ အဲဒီ ငါးဖမ်းသမားတွေကို တရားဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်နိုင်ဖို့ ထိန်းသိမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
မောင်တောဒေသခံ ငါးဖမ်းသမားတယောက် “ခုက အရင်လို ကမ်းဝေးသွားပြီး ငါးမဖမ်းရဲဘူး။ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားတွေက အုပ်စုလိုက်ဆိုတော့ အသက်အန္တရာယ် စိုးရိမ်ရတယ်။ သူတို့မှာက လက်နက်တွေ ပါလာတာလေ။ တခါတလေ ရန်မူတာတွေလည်း ရှိတယ်ဆိုတော့ အရင်လိုတော့ အဝေးကြီးသွားပြီး ငါးအများကြီးရမယ့် နေရာတွေထိ မသွားရဲတော့ဘူးပေါ့” လို့ ပြောပါတယ်။
အောက်တိုဘာ ၂၇ ရက်ကလည်း မောင်တောမြို့နယ် ရခိုင်ရေပိုင်နက်အတွင်း တရားမဝင် ကျူးကျော် ဝင်ရောက် ငါးခိုးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄ ယောက်ကို AA ရဲ့ ကမ်းခြေစောင့်တပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ အောက်တိုဘာ ၂၉ ရက်မှာလည်း ရခိုင်ရေပိုင်နက်အတွင်း တရားမဝင် ကျူးကျော်ဝင်ရောက် ငါးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၇ ယောက်ကို AA က ထပ်မံ ဖမ်းဆီးရမိခဲ့ပါတယ်။
မောင်တောမြို့နယ်အတွင်းရှိ ရခိုင်ရေပိုင်နက်ထဲမှာ တရားမဝင် ဝင်ရောက် ငါးခိုးဖမ်းမှုတွေက နေ့စဉ်ရက်ဆက် ရှိလာနေပြီး AA ရဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ကလည်း မကြာခဏဆိုသလို ဖမ်းဆီးမှုတွေ ရှိနေပါတယ်။
ကေခိုင်


