
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်မှာ အခုနှစ်ဆန်းပိုင်း ဇန်နဝါရီလကတည်းက မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေ များပြားလာတဲ့အကြောင်း နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF) ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး The Daily Star သတင်းမှာ နိုဝင်ဘာ ၅ ရက်က ဖော်ပြပါတယ်။
အဖွဲ့ရဲ့ အဆိုအရ ဘင်္ဂလားဒေ့ရ်ှနိုင်ငံ၊ ကော့ဇ်ဘဇားမှာ တည်ရှိတဲ့ ကူတူပါလောင် ဒုက္ခသည်စခန်းထဲက ဆေးရုံမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေ များလာနေပြီး သီးခြားဖြစ်ရပ် ၂၈ ခုကနေ မြေမြှုပ်မိုင်းနဲ့ ဆက်စပ်တဲ့ ဒဏ်ရာတွေနဲ့ လူနာ ၃၂ ယောက်ကို ကုသပေးနေရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်ထဲက ပြင်းထန်လာတဲ့ တိုက်ပွဲနဲ့ ပဋိပက္ခတွေကြောင့် ရိုဟင်ဂျာ ဒုက္ခသည်ဦးရေ ၁၃၀,၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ရကြောင်းလည်း MSF အဖွဲ့က အစီရင်ခံခဲ့သလို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) ရဲ့ အဆိုအရ အောက်တိုဘာ ၂၃ ရက်အထိ ဇီဝမှတ်တမ်းအချက်အလက် ကောက်ယူမှုစနစ်နဲ့ ရောက်ရှိလာသူ ၁၃၃,၆၅၁ ယောက်ကို မှတ်ပုံတင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
၂၀၂၄ ခုနှစ် သြဂုတ်လကနေ စတင်ပြီးတော့ MSF အဖွဲ့တွေဟာ မြန်မာနိုင်ငံဘက်ကနေ ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည် ရိုဟင်ဂျာတွေ သိသိသာသာ မြင့်တက်လာနေခဲ့တာကို တွေ့ရှိခဲ့ရပြီး အများစုကတော့ သေနတ်ဒဏ်ရာနဲ့ ဗုံးဒဏ်ရာတွေ ရရှိခဲ့ကြပြီး အဲဒီထဲက အများစုကတော့ အမျိုးသမီးတွေ၊ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ ဖြစ်ကြတယ်လို့လည်း MSF အဖွဲ့က ပြောပါတယ်။
အဖွဲ့အစည်းအနေနဲ့ ၂၀၂၄ ခုနှစ်၊ သြဂုတ်လမှာ ထိခိုက်ဒဏ်ရာရရှိသူ စစ်ဘေးဒုက္ခသည် ၁၁၄ ယောက်ကို မှတ်တမ်းတင်နိုင်ခဲ့ပြီး ဒါက လစဉ် အမြင့်ဆုံးပမာဏအဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒါဟာ ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တွေကြား ပိုမိုပြင်းထန်တဲ့ တိုက်ပွဲတွေနဲ့ ဆက်စပ်နေကာ လတ်တလောအချိန်အထိ MSF အဖွဲ့အနေနဲ့ မြန်မာနိုင်ငံဘက်ကနေ မကြာသေးမီက ရွှေ့ပြောင်းနေထိုင်သူ လူနာ ၇၀၀ ကျော်ကို ကုသပေးခဲ့ပြီး အဲဒီထဲမှာ စစ်ဘေးဒုက္ခသည် ၂၀၀ နီးပါး ပါဝင်နေတယ်လို့လည်း ပြောထားပါတယ်။
Source: The Daily Star, MSF


