
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုဟာ ပိုပြီး မြန်မြန်ဆန်ဆန် ဆိုးရွားနေပြီး နိုင်ငံတဝန်း ကူးစက်မှုနဲ့ သေဆုံးမှုတွေက သိသိသာသာ မြင့်တက်နေတယ်လို့ ကျန်းမာရေးပညာရှင်တွေက ပြောကြားခဲ့ပါတယ်။
မြို့တော်ဒါကာရှိ ဆေးရုံမှာ အောက်တိုဘာ ၁၄ ရက်က သွေးလွန်တုပ်ကွေးရောဂါ ကုသမှုခံယူနေရတဲ့ လူနာတွေနဲ့ ပြည့်နေပြီး အများစုက ကလေးတွေဖြစ်ကြောင်းလည်း ဆိုပါတယ်။
ခြင်ထိန်းချုပ်ရေး ကြိုးပမ်းမှုတွေကို မြန်မြန်ဆန်ဆန်နဲ့ ညှိနှိုင်းပြီး မလုပ်ဆောင်ဘူးဆိုရင် ရောဂါအခြေအနေဟာ ထိန်းမရအောင် ပျံ့နှံ့သွားနိုင်တယ်လို့ ကျန်းမာရေး တာဝန်ရှိသူတွေက သတိပေးထားပါတယ်။
မြို့တော် ဒါကာရှိ အဓိက သွေးလွန်တုပ်ကွေး ကုသရေးဌာနဖြစ်တဲ့ မုဂ်ဒါ ဆေးကောလိပ်ဆေးရုံက သွေးလွန်တုပ်ကွေး လူနာဆောင်တွေဟာ အင်္ဂါနေ့မှာ လူပြည့်ကျပ်နေခဲ့ပြီး နေရာလွတ်မရှိတဲ့ လူနာတွေကို စင်္ကြံလျှောက်လမ်းထဲကို တွန်းပို့ခဲ့ရပါတယ်။
ဆေးရုံမှတ်တမ်းတွေအရ ခုတင် ၅၀၀ ဆံ့ ဆေးရုံမှာ လူနာ ၁,၂၀၀ ကျော် တက်ရောက်နေပြီး အဲဒီထဲမှာ ၁၅ ရာခိုင်နှုန်းက သွေးလွန်တုပ်ကွေးရောဂါ ခံစားနေကြရပြီး အများစုမှာ ကလေးငယ်တွေ ဖြစ်ပါတယ်။
အရင်နှစ်တွေနဲ့ နှိုင်းယှဉ်ရင် သွေးလွန်တုပ်ကွေးလူနာ အရေအတွက် ကျဆင်းသွားပေမဲ့ သေဆုံးမှုနှုန်းဟာ အမြင့်ဆုံးအဆင့်အထိ မြင့်တက်သွားခဲ့ပြီလို့ မုဂ်ဒါဆေးရုံက ဆရာဝန်တွေက ပြောပါတယ်။
အောက်တိုဘာလ ပထမပတ်အတွင်း တနိုင်ငံလုံး အတိုင်းအတာနဲ့ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၅၀,၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၂၁၅ ယောက်ရှိကြောင်း ကျန်းမာရေးဝန်ဆောင်မှု ညွှန်ကြားမှုဦးစီးဌာန (DGHS) က သတင်းထုတ်ပြန်ထားပါတယ်။
စက်တင်ဘာလမှာ ပြင်းထန်တတ်လေ့ရှိတဲ့ ခြင်ကနေ ကူးစက်တတ်တဲ့ ရောဂါဖြစ်ပွားမှုဟာ ရာသီဥတု ပြောင်းလဲမှုနဲ့ အပြောင်းအလဲမြန်တဲ့ မိုးရွာသွန်းမှုတို့ကြောင့် အပြင် ဒေသန္တရအစိုးရရဲ့ ခြင်နှိမ်နင်းရေးကို မြှင့်တင်လုပ်ဆောင်မှု အားနည်းတာတွေကြောင့် အခုလအတွင်းမှာ “စိုးရိမ်ဖွယ်ရာ” အခြေအနေအဖြစ်ကို ပြောင်းလဲသွားနိုင်တယ်လို့ ဂျာဟန်ဂီရ်နာဂါ တက္ကသိုလ်က ဇီဝဗေဒပညာရှင် ပါမောက္ခ ကာဘီရူလ် ဘာရှားက ပြောကြားပါတယ်။
Source: Reuters




