
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ အောက်တိုဘာ ၁၄ ရက် မနက်က မြေမြှုပ်မိုင်း ပေါက်ကွဲတာကြောင့် မြန်မာနိုင်ငံသားတယောက် သေဆုံးပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတယောက် ဒဏ်ရာရတယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB)ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး ဘင်္ဂလားဒေ့ရှ်သတင်းတွေမှာ ဖော်ပြပါတယ်။
မနက် ၁၀ နာရီလောက်က ကော့ဇ်ဘဇား၊ ပိုအာမူဟူရီနယ်စပ်နားမှာ ပေါက်ကွဲခဲ့တာလို့ ရာမူ တပ်ရင်းရဲ့ တပ်မှူး ဒုတိယဗိုလ်မှူးကြီးက ပြောပါတယ်။
ပေါက်ကွဲမှုမှာ မြန်မာနိုင်ငံအတွင်း၊ နယ်ခြားမှတ်တိုင်အမှတ် ၅၅ ရဲ့ အနောက်ဘက် ဟာတာအိုမော့ပါရာလို့ ခေါ်တဲ့နေရာမှာဖြစ်တာလို့ BGB ရဲ့ မီဒီယာထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အသက် ၄၀ အရွယ် မြန်မာနိုင်ငံသား တယောက်ဟာသူ့ရဲ့ တောင်ယာကိုသွားနေတုန်း မိုင်းနင်းမိလို့ နေရာမှာတင်သေဆုံးခဲ့ပြီး သူဟာ ရခိုင်ပြည်နယ်ကဖြစ်တယ်လို့ ဆိုပါတယ်။
ဒဏ်ရာရသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား မန်းဆာ မရိုကတော့ ဒဏ်ရာရလို့ ဆေးကုသဖို့လုပ်နေတယ်လို့ ဆိုပါတယ်။
သေဆုံးသူရဲ့ ရုပ်အလောင်းဟာ အခင်းဖြစ်တဲ့နေရာမှာပဲရှိနေတုန်းလို့လည်း BGB ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်လို့ သတင်းတွေက ဆိုပါတယ်။
Source: BDNews24/TBS News




