Home
မြန်မာသတင်း
ARSA၊ RSO တို့နှင့် ပတ်သက်နေသည့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များကို အရေးယူရန် AA တောင်းဆို
DVB
·
October 13, 2025

ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကြားမှာ ရိုဟင်ဂျာလက်နက်ကိုင် ARSA နဲ့ RSO အဖွဲ့တွေဟာ ရခိုင်ဒေသတွင်းကို ဝင်ရောက်ပြီး စစ်ရေးလှုပ်ရှားနေမှုတွေကို ဟန့်တားဖို့နဲ့ ပါဝင်ပတ်သက်နေတဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) တပ်ဖွဲ့ဝင်တွေကို ထိရောက်စွာ အရေးယူပေးဖို့ ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရကို ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က အောက်တိုဘာ ၁၁ ရက်မှာ ထပ်မံ တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

ARSA နဲ့ RSO အဖွဲ့တွေဟာ ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်းမှာ ယာယီစခန်း၊ အခိုင်အမာစခန်းတွေကို တည်ဆောက်ပြီး အဲဒီနေရာတွေကတဆင့် ရခိုင်ပြည်အတွင်း စိမ့်ဝင်ကာ AA ရဲ့ လုံခြုံရေးစခန်းတွေကို ဝင်ရောက်တိုက်ခိုက်တာ၊ ‌အပြစ်မဲ့ ပြည်သူတွေကို ဖမ်းဆီး၊ ခြိမ်းခြောက်၊ သတ်ဖြတ်တာတွေကို အခုရက်ပိုင်းအတွင်း ပိုမိုပြုလုပ်လာနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ARSA နဲ့ RSO အဖွဲ့ဝင်တွေဆီက သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင် ပစ္စည်းတွေမှာ စစ်ကော်မရှင်နဲ့ BGB အရာရှိတချို့က ငွေကြေးရယူပြီး ရောင်းပေးတာ၊ ထောက်ပံ့ပေးထားတာတွေ တွေ့ရှိရတယ်လို့ ဆိုထားပါတယ်။

BGB အရာရှိတွေဟာ ARSA၊ RSO အဖွဲ့တွေကို ဆေးကုသပေးတာ၊ ရိက္ခာလက်နက် ထောက်ပံ့ပေးတာ၊ လုံခြုံရေးယူပေးတာ၊ ဝေဟင်ကင်းထောက်ပေးတာ၊ ရေဒါစနစ်တွေကို အသုံးပြုပြီး စစ်ရေးဆိုင်ရာ အချက်အလက်တွေ ပံ့ပိုးကူညီပေးပြီး ARSA၊ RSO အဖွဲ့တွေနဲ့အတူ သွယ်ဝိုက်ပြီး တိုက်ပွဲဝင်နေတာကို တွေ့ရှိရတယ်လို့ ULA က ထုတ်ပြန်ထားပါတယ်။

ဒါ့ကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်ကလည်း ARSA၊ RSO အဖွဲ့တွေ အပါအဝင် BGB ထဲက အရာရှိတွေနဲ့ ထောက်ခံသူတွေကို အမြန်ဆုံး ဖော်ထုတ်ပြီး အရေးယူပေးဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရကို ULA က အသိပေး ပြောဆိုခဲ့ဖူးပါတယ်။

ဒါပေမဲ့ ခုလို အရေးယူထိန်းကျောင်းတာ မရှိဘဲ ဆက်လွှတ်ပေးထားမယ်ဆိုရင် နှစ်ဖက် နယ်စပ်တည်ငြိမ်ရေး၊ လုံခြုံရေး၊ ဆက်ဆံရေးနဲ့ နှစ်ဖက်ယုံကြည်မှုတို့ကို ဆိုးရွားစွာ ထိခိုက်လာနိုင်တယ်လို့လည်း သတိပေး ပြောဆိုထားပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်စစ်တပ်ထဲမှာလည်း အကြမ်းဖက်အားပေးသူတွေအုပ်စုက အင်အားကြီးလာမယ် ဆိုရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသာမက နယ်စပ်နဲ့ အာဆီယံဒေသတွင်း လုံခြုံရေး၊ တည်ငြိမ်ရေးတွေကိုပါ အကြမ်းဖက်အန္တရာယ်နဲ့အတူ ခြိမ်းခြောက်လာနိုင်တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

ကေခိုင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013