
ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွေမှာ ရိုဟင်ဂျာ လက်နက်ကိုင် (ARSA) တပ်ဖွဲ့တွေနဲ့ အာရက္ခတပ်တော် (AA) တို့ အခုရက်ပိုင်းအတွင်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မောင်တောခရိုင်အတွင်းရှိ ဒေသခံပြည်သူတွေကို ချောင်းမြောင်း ပစ်ခတ်သတ်ဖြတ်တာ၊ ဖမ်းဆီးတာ၊ လုယက်ငွေညှစ်တာ၊ ပြန်ပေးဆွဲတာနဲ့ မိုင်းခွဲတိုက်ခိုက်တာတွေကိုပါ ဆက်တိုက်ကျူးလွန်လာနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် AA ရဲ့ လုံခြုံရေးစခန်းတွေနဲ့ AA တပ်ဖွဲ့ဝင်တွေကိုလည်း တိုက်ခိုက်မှုတွေရှိနေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလကစပြီး ARSA အဖွဲ့ရဲ့ အကြမ်းဖက် လှုပ်ရှားမှုများလာတာနဲ့အမျှ AA ကလည်း လိုက်လံရှင်းလင်းမှုတွေကို တစိုက်မတ်မတ် လုပ်ဆောင်လာနေတာပါ။
မောင်တောဒေသခံတယောက်က “လက်ရှိမှာတော့ AA က လုံခြုံရေးကို ပိုချထားတယ်။ ဒါပေမဲ့ နယ်စပ်လမ်းတလျှောက် လုံခြုံရေးမပေးနိုင်ဘူး။ လူသွားလူလာပြတ်တဲ့နေရာတွေ ရှိတယ်၊ မောင်တောမြောက်ပိုင်းမှာဆို ပိုဆိုးပါတယ်။ ကျနော်တို့လို ကုန်သည်တွေ၊ တခြားစီးပွားရေးသမားတွေကျတော့ ဒီဘက်မှာ ကုန်စည်စီးဆင်းမှုတွေက အဲဒီမြောက်ပိုင်းကိုဘဲ အားထားနေရတာပေါ့။ ဒါပေမဲ့ အဲဒီမြောက်ပိုင်းကို အကြမ်းဖက်မှုတွေကြောင့် မသွားရတော့ဘူးပေါ့။ အလုပ်အကိုင်တွေတော့ နှောင့်နှေးကြန့်ကြာမှုတွေ ရှိတာပေါ့လေ။ ဒါပေမဲ့ အသက်အန္တရာယ်က စိုးရိမ်ရတော့ မသွားဖြစ်တော့ဘူးပေါ့” လို့ ပြောပါတယ်။
ဒါကြောင့် နယ်စပ်ဒေသလျှောက် တိုက်ပွဲတွေလည်း မကြာခဏဆိုသလို ဖြစ်ပွားနေပြီး ARSA လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးမှုတွေ များပြီး သူတို့အခြေစိုက်နေထိုင်တဲ့ ဘင်္ဂလားဒေ့နိုင်ငံဘက်ကို ထွက်ပြေးသွားတယ်လို့လည်း သိရပါတယ်။
ရိုဟင်ဂျာ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ARSA၊ RSO တို့ဟာ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (BGB)ရဲ့ အကူအညီကို အပြည့်အဝရယူပြီးတော့ နတ်မြစ်နဲ့ မယူတောင်တန်း လမ်းကြောင်းတွေက တဆင့် ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းကို စိမ့်ဝင်ရောက်နေတယ်လို့ သိရပါတယ်။
ဒါကြောင့် ဘင်္ဂလားဒေ့ရှ်ယာယီအစိုးရအနေနဲ့ နှစ်ဖက်ပြေလည်မှုရရှိစေဖို့ နည်းလမ်းတွေကို ရှာဖွေပြီး ပူးပေါင်းဆောင်ရွက်မှုမျိုးတွေကို ဦးစားပေး လုပ်ဆောင်သင့်တယ်လို့ AA က အကြံပြုတိုက်တွန်းထားပါတယ်။
ကေခိုင်