
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အငြင်းပွားနေတဲ့ နယ်စပ်မျဉ်းနားမှာ ဇူလိုင် ၁၆ ရက်နေ့က တပ်ဖွဲ့တွေကင်းလှည့်နေတုန်း တပ်ဖွဲ့ဝင်တယောက် မြေမြှုပ်မိုင်းနင်းမိပြီး ခြေချင်းဝတ် ပြတ်သွားခဲ့တယ်လို့ ထိုင်းစစ်တပ် ဒုတိယဗိုလ်မှူးကြီး ဘာရာမီ စရီချာက ပြောပါတယ်။
ဒီအဖြစ်အပျက်ဟာ အိမ်နီးချင်းနိုင်ငံတွေကြား ၅ ရက်ကြာ ရန်လိုမှုတွေအတွက် တွန်းအားတခု ဖြစ်လာပြီး အမေရိကန်က ကြားဝင်စေ့စပ်ထားတဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ အဆုံးသတ်ခဲ့ပါတယ်။
ဒီဖြစ်ရပ်ကြောင့် ကမ္ဘောဒီးယားရဲ့ အစိတ်အပိုင်းတွေမှာ ပြန့်ကျဲနေတဲ့ ဆိုဗီယက်ခေတ်က PMN-2s အမျိုးအစား မြေမြှုပ်မိုင်းတွေနဲ့ ပတ်သက်ပြီး သံတမန်ရေးရာ အငြင်းအခုံတွေ ဖြစ်လာခဲ့ပါတယ်။ ဒီမိုင်းတွေကို မသုံးဖို့ ကမ္ဘောဒီးယားနဲ့ ထိုင်းတို့က သဘောတူညီချက်အတွင်း ကတိပြုထားပါတယ်။
ကမ္ဘောဒီးယားဟာ ပူးတွဲနယ်နိမိတ်တလျှောက် မိုင်းတွင်းတွေကို ချထားတယ်လို့ ထိုင်းက စွပ်စွဲထားပြီး PMN-2 မိုင်းတွေကြောင့် ဇူလိုင်လကတည်းက ဘာရာမီရဲ့ ကင်းလှည့်အဖွဲ့ဝင်တွေ အပါအဝင် ထိုင်းစစ်သား ၆ ယောက်ထက်မနည်း ကိုယ်အင်္ဂါအစိတ်အပိုင်းတွေမှာ ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။ ကမ္ဘောဒီးယားကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။
ဆယ်စုနှစ်များစွာကြာတဲ့ ကမ္ဘောဒီးယား ပြည်တွင်းစစ်အတွင်းမှာ မြှုပ်ထားခဲ့တဲ့ PMN-2 မဟုတ်တဲ့ စစ်လက်နက်တွေကို ထိုင်းစစ်သားတချို့က နင်းမိတာလို့ ကမ္ဘောဒီးယားအစိုးရက ပြောပါတယ်။
ကမ္ဘောဒီးယားဟာ ကမ္ဘာ့မိုင်းအထူထပ်ဆုံးနိုင်ငံတခုလည်း ဖြစ်ပါတယ်။ ကမ္ဘောဒီးယားအစိုးဟာ မြေမြှုပ်မိုင်းအသုံးပြုမှု ဆန့်ကျင်တဲ့ ကမ္ဘာလုံးဆိုင်ရာ ထောက်ခံအားပေးသူအဖြစ် ရပ်တည်လာခဲ့တာပါ။
မိုင်းတူးဖော်ခြင်းလုပ်ငန်းအတွက် လွန်ခဲ့တဲ့ နှစ် ၃၀ အတွင်း နိုင်ငံခြားအလှူရှင်တွေနဲ့အတူ ဒေါ်လာ ၁ ဘီလီယံလောက် ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။
၁၉၇၉ ခုနှစ်ကစပြီး ဒီစစ်လက်နက်တွေက လူထောင်သောင်းချီကို သေဆုံး ဒဏ်ရာရစေခဲ့တဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ လူသတ်မိုင်းတွေကို ပြန်သုံးတာဟာ ဆယ်စုနှစ်များစွာ ကြာနေတဲ့ လူထုကတိကဝတ်တွေအတွင်း စိတ်ပျက်စရာကောင်းတဲ့ ပြောင်းပြန်လှန်မှုတခု ဖြစ်တယ်လို့ ဂျီနီဗာအခြေစိုက် နိုင်ငံတကာ မြေမြှုပ်မိုင်းတားဆီးရေးလှုပ်ရှားမှုရဲ့ တစိတ်တပိုင်းဖြစ်တဲ့ မြေမြှုပ်မိုင်း စောင့်ကြည့်ရေးအဖွဲ့က ယဲ့ရွှာမိုဆာ ပူအန်စူဝမ်က ပြောခဲ့ပါတယ်။
Source: Reuters


