
စစ်ကိုင်းတိုင်း ကလေးမြို့ ကလေးမြို့ မော်လိုက်အကျဉ်းထောင်က ထောင်ပိုင် ဦးအောင်မိုးဝင်းနဲ့ အကျဉ်းဦးစီးအရာရှိဝန်ထမ်းတွေက အကျဉ်းသားတွေကို အသုံးချကာ ငွေကြေးရှာဖွေ လာဘ်စားနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ယက် (PPNM) က နိုဝင်ဘာ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။
မော်လိုက်အကျဉ်းထောင်က ထောင်ပိုင် ဦးအောင်မိုးဝင်းဟာ နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်မှုတွေနဲ့ပတ်သက်လို့ တာဝန်အရှိဆုံးသူဖြစ်တဲ့အပြင် ပရိဘောဂပစ္စည်းထုတ်လုပ်ရေးကို အကျဉ်းသားတွေအား ဖိအားပေးခိုင်းစေပြီး တလကို ငွေကျပ် သိန်း ၅၀၀ ဝန်းကျင် ရရှိပေမဲ့ အကျဉ်းသားတွေ အနေနဲ့ အကျိုးခံစားခွင့် မရရှိဘူးလို့ ဆိုပါတယ်။
အကျဉ်းထောင်တွင်းတားမြစ်ပစ္စည်းဖြစ်တဲ့ ကွမ်းယာတွေ ယူဆောင်တင်သွင်းခွင့်မပြုရလို့ အမိန့်ထုတ်ပြန်ပြီး ထောင်တွင်းမှာ ကွမ်းယာကို အမြတ်ကြီးစား ရောင်းချနေတဲ့အပြင် ထောင်တွင်း မွေးမြူရေး နဲ့ စိုက်ပျိုးရေးမှရရှိတဲ့ သီးနှံတွေကို ပြင်ပဝယ်ယူလိုသူတွေဆီ ရောင်းချပြီး အကျဉ်းသားရိက္ခာအတွက် စိုက်ပျိုးစားသောက်ခွင့်ကို ကန့်သတ်ထားတယ်လို့ ဆိုပါတယ်။
အိပ်ဆောင်အတွင်း အလုပ်မလုပ်လိုတဲ့ အကျဉ်းသားတွေဆီက တလအတွက် မြန်မာကျပ်ငွေ တသိန်းလောက် အကျဉ်းဦးစီးဝန်ထမ်း ဟန်ဝင်းအောင်ကတဆင့် ထောင်ပိုင်ကြီးဆီကို အဆင့်ဆင့်ငွေ ပေးသွင်းနေကြရတယ်လို့ သိရပါတယ်။
လာဘ်စားမှုနဲ့ ကိုယ်ကျိုးစီးပွားရှာဖွေနေတဲ့ ထောင်အာဏာပိုင်တွေကို လူမှုရေးပြစ်ဒဏ်ပေးဖို့ အထူးလိုအပ်နေပြီး PPNM အဖွဲ့အစည်းအနေနဲ့လည်း ထိရောက်တဲ့ ဖိအားပေးအရေးယူမှုတွေ ဖြစ်လာစေရေး ကလေးမြို့အနီးက မိတ်ဘက်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။


