
ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ မြို့မရဲစခန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အကျဉ်းသား ၁၅ ယောက်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF) ဆီကနေ သိရပါတယ်။
အောက်တိုဘာ ၁၄ ရက် မနက် ၃ နာရီမှာ ဟားခါးမြို့မရဲစခန်းထဲကို CDF ဟားခါးရဲ့ ဦးဆောင်မှုနဲ့ ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းခဲ့တာပါ။
စီးနင်းမှုအတွင်း အကျဉ်းသား ၁၅ ယောက်ကို ကယ်ထုတ်နိုင်ခဲ့ပြီး အကျဉ်းသားတွေထဲ CDF ဟားခါးက ရဲဘော် ၃ ယောက်နဲ့ CNF က ရဲဘော် ၂ ယောက် ပါဝင်တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုအတွင်း ရဲနဲ့ စစ်ကောင်စီတပ်သား ၆ ယောက် သေဆုံးပြီး ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်က ရဲဘော်တယောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “အကျဉ်းသားတွေ ကယ်ဖို့ဆိုပြီးတော့မှ CDF ဟားခါး ဦးဆောင်မှုနဲ့ ဝင်စီးတာပေါ့။ အဲဒီမှာ အကျဉ်းသား ၁၅ ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်။ စစ်(--) ၆ ယောက်လောက် ကျတယ်။ လက်နက်တချို့လည်း ရခဲ့တယ်။ ရဲဘော်တယောက်ကျပြီး ကျနော်တို့ အောင်မြင်စွာတော့ ပြန်ဆုတ်နိုင်ခဲ့ပါတယ်” လို့ ပြောပါတယ်။
ကာကွယ်ရေးရဲဘော်တွေ ပြန်လည်ဆုတ်ခွာပြီးတဲ့နောက် ဟားခါးမြို့ပေါ်ကနေ ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က ရွေးကောက်ပွဲအမီ လေကြောင်းတိုက်ခိုက်မှုတွေကို အရင်ထက် ၂ ဆ တိုးမြှင့်သွားဖို့၊ မြေပြင်မှာ လက်လွှတ်ဆုံးရှုံးထားရတဲ့ နယ်မြေတွေကို ရွေးကောက်ပွဲမတိုင်မီ အမြန်ဆုံး သိမ်းပိုက်နိုင်ရေး စတာတွေကို လုပ်ဆောင်နေတဲ့အတွက် ဟားခါးမြို့နယ်က ပြည်သူတွေအနေနဲ့ လေကြောင်းရန် သတိထားကြဖို့ ကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးထားပါတယ်။


