
ကရင်နီပြည်နယ်က လွိုင်ကော်အကျဥ်းထောင်မှာ အကျဥ်းကျခံနေသူတွေကိုပါ စစ်ကောင်စီက ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးခိုင်းနေတယ်လို့ ကရင်နီနိုင်ငံရေးအကျဥ်းသားများအစည်းအရုံး (KPPA) က နိုဝင်ဘာ ၂၅ ရက်က ထုတ်ပြန်ပါတယ်။
KPPA က တာဝန်ရှိသူက “မဲ က ၉ လပိုင်းကတည်းက အကုန်ပေးရတာ အကုန်ပေးခိုင်းတာပေါ့နော်၊ တကယ်လို့ ကျန်ခဲ့ရင်လည်း အတင်းလိုက်ပေးခိုင်းတဲ့ အခြေအနေပါ”လို့ ပြောပါတယ်။
အကျဥ်းကျနေရသူတွေက ရွေးကောက်ပွဲ တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေအရ မဲပေးပိုင်ခွင့် မရှိပေမဲ့ စစ်ကောင်စီတပ်က ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလထဲမှာ အချုပ်သူ/သားတွေ၊ အကျဥ်းသူ အကျဉ်းသားတွေကို ကြိုတင်မဲတွေ အတင်းအကျပ် ထည့်ခိုင်းနေတယ်လို့ ပြောပါတယ်။
အကျဥ်းကျခံနေရသူတွေကို အတင်းအကျပ် မဲပေးဖို့ စေခိုင်းတာက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေကို ကျူးလွန်နေတာဖြစ်ပြီး တရားမျှတမှုရှိရှိနဲ့ မဲပေးပိုင်ခွင့်ရှိတဲ့ နိုင်ငံသားအခွင့်အရေးကို စော်ကားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
အကျဥ်းသားတွေရဲ့ ကြိုတင်မဲတွေကို အသုံးပြုပြီး မဲမသမာမှုပြုလုပ်ဖို့ ကြံစည်နေတာဖြစ်လို့ စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲမှာ မပါဝင်ကြဖို့ကို တိုက်တွန်းထားပါတယ်။
စစ်ကောင်စီတပ်က ဒီဇင်ဘာလထဲမှာ ရွေးကောက် ပွဲပြုလုပ်နိုင်ဖို့အတွက် စီစဥ်ဆောင်ရွက်နေတာ ရှိပြီး အကျဥ်းကျခံရသူတွေကိုပါ မဲမထည့်မနေရ ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။


