
ဗင်နီဇွဲလားနိုင်ငံမှာ ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲကို ဆန္ဒပြမှုတွေအပေါ် ပြင်းပြင်းထန်ထန် နှိမ်နင်းမှုတွေ ရှိခဲ့ပြီးနောက် တောင်အမေရိကနိုင်ငံမှာ ထူးခြားတဲ့ဖြစ်ရပ်အနေနဲ့ ဇန်နဝါရီ ၂၇ ရက်မှာ တက္ကသိုလ်ကျောင်းသားတစုဟာ ယာယီသမ္မတ ဒယ်လ်ဆီ ရိုဒရီဂတ်စ်ကို ထိပ်တိုက်တွေ့ဆုံကာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် တောင်းဆိုခဲ့ကြပါတယ်။
ကျောင်းသားဗဟိုအဖွဲ့ချုပ် ဥက္ကဋ္ဌ မီဂယ်လ် အန်းဟဲ ဆွာရက်ဇ် ဦးဆောင်တဲ့ ဗင်နီဇွဲလား ဗဟိုတက္ကသိုလ်က ကျောင်းသားအဖွဲ့တဖွဲ့ဟာ အထူးသဖြင့် ပါမောက္ခ ဟေးဆူးစ် အာမက်စ် အပါအဝင် လူငယ်အကျဉ်းသား ၂၀၀ ကျော်အား လွတ်မြောက်ခွင့်ပေးဖို့ ယာယီသမ္မတကို လမ်းပေါ်မှာ တောင်းဆိုခဲ့တာပါ။
တွေ့ဆုံမှုအတွင်း ဆွာရက်စ်က “နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ တနိုင်ငံလုံးက သမ္မတကြီးကို အခွင့်အရေး ပေးနေပါတယ်။ အကျဉ်းထောင်တွေ အပြင်ဘက်က မိသားစုတွေ ခံစားနေရတဲ့ ဒုက္ခတွေကို အဆုံးသတ်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ လူတွေ အတော်လေး ဒုက္ခရောက်နေကြရပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
ယာယီသမ္မတ ရိုဒရီဂတ်စ် ကလည်း ဒီမိုကရေစီနည်းကျ အတူယှဉ်တွဲနေထိုင်ရေး အစီအစဉ်အတွက် လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
ဒါ့အပြင် နိုင်ငံရေးသမားတွေအနေနဲ့ တာဝန်ယူမှုရှိဖို့ အရေးကြီးပြီး အချက်အလက်တွေကို လိမ်လည်လှည့်ဖြားတာမျိုး မလုပ်ဖို့လည်း လိုကြောင်းနဲ့ မိသားစုတွေဆီက ပိုက်ဆံတောင်းနေတဲ့ NGO တွေ ရှိနေလို့ အဲဒါတွေကို အဆုံးသတ်ရမယ်လို့လည်း ပြောသွားပါတယ်။
မီဒီယာသတင်းတွေအရ ပါမောက္ခ အာမက်စ်ဟာ ၂၀၂၄ ဇူလိုင် ၂၈ ရက်မှာ ကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲအတွက် အတိုက်အခံခေါင်းဆောင် အဒ်မွန်ဒို ဂွန်ဇာလေ့ဇ်ရဲ့ မဲဆွယ်စည်းရုံးရေး အဖွဲ့ဝင်တယောက် ဖြစ်ခဲ့ပါတယ်။
ဂွန်ဇာလေ့ဇ်ဟာ မဲအပြတ်အသတ် အနိုင်ရခဲ့တယ်လို့ အတိုက်အခံဘက်က ပြောဆိုထားပေမဲ့ အာမက်စ်ဟာ အဲဒီနှစ် ဒီဇင်ဘာလမှာ ဖမ်းဆီးခံခဲ့ရပါတယ်။
ဗင်နီဇွဲလား လူ့အခွင့်အရေးအဖွဲ့ Foro Penal ရဲ့ အဆိုအရ လက်ရှိလုပ်ဆောင်နေတဲ့ အကျဉ်းသားလွှတ်ပေးရေး အစီအစဉ်မှာ နိုင်ငံရေးအကျဉ်းသားတွေလို့ ယူဆထားသူ ၁၀၄ ယောက်ထက် မနည်းကို ဇန်နဝါရီ ၂၅ ရက်မှာ လွှတ်ပေးခဲ့ကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့အပတ်က ထောင်ထဲက လူ ၆၂၆ ယောက်ကို လွှတ်ပေးခဲ့ပြီးဖြစ်ကြောင်း ယာယီသမ္မတ ရိုဒရီဂတ်စ်က ပြောကြားခဲ့ပေမဲ့ ဘယ်အချိန်ကာလမှာ ဘယ်လိုလွှတ်ပေးခဲ့တယ်ဆိုတဲ့ အသေးစိတ်ကိုတော့ မဖော်ပြခဲ့ပါဘူး။
Source: Reuters


