Home
မြန်မာသတင်း
မယ်စဲ့ အကျဉ်းထောင်ဖောက်ပြေးရန်  ၃ လ ကြိုပြင်ခဲ့၊ ဌာနတွင်း  စုံစမ်းဆေးစစ်မည်
DVB
·
January 30, 2026

မယ်စဲ့အကျဉ်းထောင်ကနေ ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်သုံ့ပန်း အကျဉ်းသားတွေဟာ ထောင်ဖောက်ပြေးဖို့ အတွက် ၃ လကြိုပြင်ခဲ့တယ်လို့   ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၁၈ ရက်က ကရင်နီပြည် မယ်စဲ့အကျဉ်းထောင်ဖောက်ပြေးသွားတဲ့ စစ်သုံ့ပန်းတွေကို နယ်မြေခံတော်လှန်ရေး တပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေးလုပ်နေတဲ့အချိန် ၈ ယောက်ကပြန် လည်ခုခံတဲ့အတွက် အသေမိခဲ့ကာ ၂ ယောက်ကိုတော့ အရှင်ပြန်ဖမ်းမိခဲ့တာပါ။

ထောင်ဖောက်တုန်းက ပါသွားတဲ့ လက်နက် ၉ လက်ထဲက လက်နက်ငယ် ၅ လက်နဲ့ ကျည်တချို့ကို ပြန်ရခဲ့တယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ ဇန်နဝါရီ ၂၉ ရက် ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးဌာနဖွဲ့ကာ ဌာနတွင်းစစ်ဆေးမှုတွေလည်း ပြုလုပ်မယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကနဦးတွေ့ရှိချက်တွေအရ အကျဉ်းသားတွေဟာ ထောင်ဖောက်ပြေးဖို့အတွက် ၃ လကြိုပြင်ခဲ့ပြီး ၁၀ ယောက် တအုပ်စုလှုပ်ရှားကာ ထွက်ပြေးနေချိန် ပြန်လည်ခုခံဖို့ အစီအမံချခဲ့တာ၊ ဆုံမှတ်နေရာတွေ ကြိုပြင်ကာ ဖုန်းဆင်းကတ်တွေ ကြိုပြင်ထားတာနဲ့ စားနပ်ရိက္ခာ ယူသွားဖို့အတွက်တွေပါ ကြိုတင်ပြီး အစီအစဉ်ဆွဲခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။

IEC အတွင်းရေးမှူး ၂ ဦးဗညားက “ကျနော်တို့ ထောင်တည်ဆောက်တဲ့နေရာက ထိုင်းနဲ့ဆိုရင် အရမ်းနီးလွန်းတယ်။ အမှန်ဆိုရင်တော့ ပုံမှန်လမ်းလျှောက်တဲ့သူ ဒီလမ်းကြောင်းကိုသိတဲ့သူက ၂ နာရီ နဲ့ ဆိုရင် ထိုင်းဘက်ရောက်တယ်။ ထိုင်းရောက်တာမှ ထိုင်းတပ်တွေ ထိုင်းရွာကို ချက်ချင်းရောက်တာ နီးနီးလေးပဲ အဲ့လိုမျိုး သတိမထားမိလိုက်တာလည်း ပါတာပေါ့။ အခုလည်း သူတို့ ထောင်ဖောက်ပြေးတဲ့နေရာမှာ အဓိကကတော့ Target က အရမ်းရှင်းတယ်၊ ထိုင်းကို အရောက်သွားမယ်၊ ထိုင်းမှာတခါတည်းဖုန်းဆက်မယ်၊ ပြီးရင်လာကြိုရမယ်။ လာကြိုဖို့အတွက် အားလုံးအချိတ်က ချိတ်ထားပြီးသား အဲ့လိုမျိုးတွေ့ရပါတယ်” လို့ ပြောပါတယ်။

ထိုင်းဘက်ကိုရောက်သွားတဲ့ စစ်သုံ့ပန်းတွေ အယောက် ၇၀ လောက်ကတော့ ထိုင်းနယ်စပ်ကတဆင့် စစ်ကောင်စီတပ်ဆီကို ပြန်လည်ရောက်ရှိသွားပါပြီ။

ဒါကြောင့် IEC အနေနဲ့ ကရင်နီပြည်သူလူထု တရပ်လုံးနဲ့ တော်လှန်ရေးအင်အားစု တရပ်လုံးကို တောင်းပန်ကာ တာဝန်ယူ တာဝန်ခံမှုတွေနဲ့ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆိုထားတဲ့အတွက် ပြည်သူအများစုက အခုလိုတောင်းပန်တဲ့အပေါ် အသိမှတ်ပြုတာတွေလည်း တွေ့ရပါတယ်။

ကရင်နီ ပြည်သူတယောက်က “ဒီတာဝန်အပေါ်မှာ ကိုယ်တွေဘက်က လွဲမှားမှုရှိကြောင်းနဲ့ အစိုးရဟု ခေါ်သောအဖွဲ့အစည်းက ဒီလိုမျိုးတောင်းပန်တာ အရမ်းကောင်းတယ်။ လှတယ်လို့ ပြောရမှာပေါ့၊ ဒီလိုမျိုးဖြစ်နေရမှာ။ ပြည်သူတွေက အဓိကပဲလေ။ ဒါကြောင့်မို့ ဒီလိုထုတ်ပြန်တာနဲ့ပတ်သက်ပြီး ပြည်သူတယောက်အနေနဲ့ဆိုရင် ဒါက အရမ်းကိုလှတယ်။ ဥပမာ မင်းအောင်လှိုင်တို့ဆို ဘယ်တော့မှ ဒါမျိုးရှိခဲ့ကြတာမရှိဘူး။ ကျနော်တို့နဲ့ သူတို့နဲ့ကွာတဲ့ အဓိကအချက်က အဲ့ဒါပါပဲ” လို့ ပြောပါတယ်။

လက်ရှိမှာ ထောင်အမှုထမ်း ၂ ယောက်ကို ပြစ်မှုဆိုင်ရာတရားစွဲဆို အမှုဖွင့်ထားပြီး ကျန်နေတဲ့ စစ်သုံ့ပန်းအပါအဝင် အကျဉ်းသားများဆိုင်ရာ လုံခြုံရေးအစီအမံကို နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေအတိုင်း ထိန်းသိမ်းကြပ်မတ်တာတွေ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်ဖြစ်ပြီးတဲ့နောက် အကျဉ်းထောင် ဝန်ထမ်းအင်အား ဖြည့်တင်းရေး၊ လိုအပ်တဲ့ အဆောက်အအုံတွေ တည်ဆောက်ရေးနဲ့ အကျဉ်းထောင်လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု တွေကို ဖော်ဆောင်သွားမယ်လို့ IEC က ဆိုထားပါတယ်။

မောရစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013