
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ မတ် ၅ ရက် ညနေက ဘုရားဖူးယာဉ်နဲ့ ဆိုင်ကယ် တိုက်မိမှုဖြစ်ပွားရာ ဆိုင်ကယ်ပေါ်ပါလာတဲ့ အမျိုးသား ၃ ယောက် နေရာမှာတင် သေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
နေပြည်တော်ကနေ ရန်ကုန်ကို မောင်းလာတဲ့ Higer အမျိုးအစား ဘုရားဖူးမှန်လုံ ခရီးသည်တင်ယာဉ်ဟာ အမြန်လမ်းမကြီးပေါ် မောင်းနှင်နေစဉ် မိုင်တိုင်အမှတ် ၇၅ မိုင် ၃ ဖာလုံနဲ့ ၄ ဖာလုံကြား အရောက်မှာ အမျိုးသား ၃ ယောက် စီးနင်းလာတဲ့ မော်တော်ဆိုင်ကယ်က လမ်းရဲ့အနောက်ဘက်ကနေ အရှေ့ဘက်ကို ရုတ်တရက် ဖြတ်ကူးစဉ် ဘုရားဖူးယာဉ်နဲ့ တိုက်မိခဲ့တာလို့ သိရပါတယ်။
ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးသူတယောက်က “မှန်လုံကားပေါ်ပါလာသူတွေ ထိခိုက်တာမရှိဘူး။ ကားရဲ့ခေါင်းပိုင်းမှန်တွေ ကွဲကြေတာလောက်ပဲ ဖြစ်သွားတာ။ ဆိုင်ကယ်ပေါ်ပါလာတဲ့ အမျိုးသား ၃ ယောက်သာ သေဆုံးသွားတယ်” လို့ ပြောပါတယ်။
အမြန်လမ်းမကြီးများ ဥပဒေအရ မော်တော်ဆိုင်ကယ်၊ စက်ဘီး၊ ထော်လာဂျီ၊ သုံးဘီးယာဉ်တွေဟာ အမြန်လမ်းကို သုံးစွဲခွင့်မရှိကြောင်းနဲ့ အမြန်လမ်းပေါ်မှာ ယာဉ်မတော်တဆမှုတွေ ဖြစ်ပွားရင် အဲဒီယာဉ်တွေ မောင်းနှင်သူသာ အရေးယူခံရမယ်လို့ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က အသိပေး ကြေညာထားချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်ကလည်း ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၁၉၂ မိုင် ၅ ဖာလုံနဲ့ ၆ ဖာလုံကြားမှာ ခရီးသည်တင်ယာဉ်နဲ့ ဆိုင်ကယ်တိုက်မှု ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်စီးလာသူ ၂ ယောက် သေဆုံးခဲ့ပါတယ်။


