
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ ဟင်္သာတ-ဇလွန်ကားလမ်း မိုင်တိုင်အမှတ် ၃/၃ နဲ့ ၃/၄ အကြား နင်းကြမ်းကျေးရွာအနီးမှာ မတ် ၃ ရက် ဒီနေ့မနက် အစောပိုင်းက ယာဉ်တိုက်မှုဖြစ်ပြီး ၃ ယောက် သေဆုံးခဲ့ကာ ၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
ဒီနေ့မနက် ၁၂ နာရီ မိနစ် ၄၀ ဝန်းကျင်က ဇလွန်ဘုရားပွဲကနေ ပြန်လာတဲ့ အိုးဝေကားနဲ့ ဟင်္သာတကနေ ရန်ကုန်ကို မောင်းနှင်လာတဲ့ ကုန်ကားတို့ မျက်နှာချင်းဆိုင် တိုက်မိပြီး အိုးဝေပေါ် လိုက်ပါလာတဲ့ သူတွေထဲက အသက် ၃၀ ကျော်အရွယ် အမျိုးသား ၃ ယောက် ပွဲချင်းပြီး သေဆုံးခဲ့ကာ ကားပေါ်က ၂ ယောက်နဲ့ အိုးဝေပေါ်က ၃ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးသူတယောက်က “ကားနဲ့ အိုးဝေနဲ့က မျက်နှာချင်းဆိုင် တိုက်တာ။ အိုးဝေက ဘုရားပွဲကနေ ပြန်လာတာ။ အိုးဝေပေါ်ကနေပါလာတဲ့ ၆ ယောက်ထဲက ၃ ယောက် သေဆုံးသွားတာ။ ကုန်တင်ကားပေါ်ပါလာတဲ့ ၂ ယောက်နဲ့ အိုးဝေပေါ်ပါလာတဲ့ ၃ ယောက် ဒဏ်ရာရရှိတာ” လို့ ပြောပါတယ်။
ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေကို ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ဟင်္သာတဆေးရုံကြီးကို ပို့ဆောင်ထားပြီး ဒဏ်ရာရရှိသူတွေထဲက အိုးဝေပေါ်ပါလာတဲ့ အမျိုးသား ၂ ယောက်က ပြင်းထန်တဲ့ဒဏ်ရာတွေ ရရှိထားတယ်လို့ သိရပါတယ်။
ဟင်္သာတဒေသခံ တယောက်က “ကုန်ကားက အရှေ့ပိုင်း ပျက်စီးသွားတာ တွေ့ရတယ်။ အိုးဝေကတော့ လုံးဝပျက်စီးသွားတယ်။ ရဲတွေ လာစစ်ဆေးသွားတာ တွေ့ရတယ်။ အခု ယာဉ်တိုက်မှုဖြစ်တဲ့နေရာက ဖြစ်လေ့ဖြစ်ထ မရှိပါဘူး။ ယာဉ်ကို မဆင်မခြင် မောင်းတာကြောင့် ဖြစ်တာ” လို့ ပြောပါတယ်။
ယာဉ်တိုက်မှုဖြစ်စဉ်ကို ဟင်္သာတမြို့နယ် ရဲတပ်ဖွဲ့က စစ်ဆေးထားပြီး ဟင်္သာတမြို့နယ် မီးသတ်စခန်းက မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ဟင်္သာတအခြေပြု ဆောင်ရွက်နေတဲ့ လူမှုကူညီရေး အဖွဲ့တွေက ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။


