
ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့မှာရှိတဲ့ ဇလွန်ပြည်တော်ပြန်ဘုရားကြီးရဲ့ ဗုဒ္ဓပူဇနိယပွဲတော်မှာ တရားမဝင် လောင်းကစားပွဲတွေကို စစ်ကောင်စီ ရဲတပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေရဲ့ ခွင့်ပြုချက်နဲ့ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇလွန်ပြည်တော်ပြန်ဘုရားကြီးရဲ့ ဘုရားပွဲတော်ကို ဖေဖော်ဝါရီ ၂၄ ရက်ကနေ မတ် ၃ ရက်အထိ ကျင်းပနေတာဖြစ်ပြီး ဘုရားပွဲမှာ ခြောက်ကောင်ဝိုင်း၊ လောင်းကြေးမြင့် မြင်းပြိုင်ပွဲ၊ ဖဲဝိုင်း၊ ကြက်ဝိုင်း၊ ပိုက်ကျော်ခြင်းနဲ့ တခြား လောင်းကစားပွဲတွေကို ထည့်သွင်းပြုလုပ်နေတာကြောင့် ခိုက်ရန်ဖြစ်ပွားတာတွေအထိ ဖြစ်နေလို့ တိုင်ကြားထားပေမဲ့ အရေးမယူဘူးလို့ သိရပါတယ်။
ဇလွန်မြို့ခံတယောက်က “ဘုရားပွဲနဲ့ လောင်းကစားဝိုင်းတွေက လုံးဝတွဲမလုပ်သင့်တာ။ ဇလွန်ပြည်တော်ပြန်ဘုရားပွဲက ဧရာဝတီတိုင်းမှာ အထင်ကရပွဲတော် တခုပါ။ လောင်းကစားဝိုင်းတွေ လုပ်တာ မကြိုက်သူတွေက တိုင်တဲ့သူတွေ ရှိတယ်။ ရဲက ခွင့်ပြုထားတော့ ခက်တယ်။ ရဲတွေက ဟန်ပြလာစစ်ဆေးသွားတယ်။ အခုပွဲတွေက ပြန်လုပ်နေတာပဲ။ ဘာမှကြောင်းမှမထူးဘူး”လို့ ပြောပါတယ်။
ဇလွန်ဘုရားပွဲမှာ လောင်းကြေးမြင့်မြင့်နဲ့ ကစားကြတဲ့ မြင်းပြိုင်ပွဲတွေ အပါအဝင် တရားမဝင်တဲ့ လောင်းကစားဝိုင်းတွေကို စစ်ကောင်စီရဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ နယ်ထိန်း၊ စရဖ သတင်းပေး၊ ဘုရားပွဲကွင်း ချုပ်လေလံရသူနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက လိုင်းကြေးယူ ခွင့်ပြုလုပ်ခိုင်းတာလို့ သိရပါတယ်။
ဇလွန်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့နဲ့နီးစပ်သူတယောက်က “၂၇ ရက်နေ့က ရဲတွေက ဟန်ပြသက်သက် လာစစ်သွားခဲ့တဲ့အတွက် မြင်းသမားတွေ ထွက်ပြေးခဲ့ကြရတယ်။ လောင်းကစားဝိုင်းတွေလည်း ခဏ ပျက်သွားတယ်။ ဝင်ဖမ်းပြီး မကြာဘူး။ အခု ကြိတ်ကြိတ်တိုးပဲ။ အခုလို လောင်းကစားဝိုင်းတွေ လုပ်ရဖို့ ပွဲစီစဉ်သူတွေဆီကနေ အောက်ခြေ အုပ်ချုပ်ရေးမှူးကအစ ငွေယူခွင့်ပြုထားတာ” လို့ ပြောပါတယ်။
ဇလွန်ပြည်တော်ပြန်ဘုရားပွဲမှာ တရားမဝင်တဲ့ လောင်းကစားဝိုင်း ၃၀ ထက်မနည်းရှိပြီး လောင်းကြေး သိန်းထောင်ချီနဲ့ ဘုရားဝင်းအတွင်းနဲ့ အံတော်လမ်းတလျှောက်မှာ ပြုလုပ်နေတာလို့ ဒေသခံတွေဆီက သိရပါတယ်။
ဒါ့အပြင် ဘုရားပွဲနဲ့ ဘုရားပတ်ဝန်းကျင်မှာလည်း အရက်၊ ဘီယာတွေကိုလည်း တရားမဝင် ရောင်းချတာတွေရှိပြီး သာသနာရေး အဆောက်အအုံတွေထဲကို ဝင်ရောက်ကာ အရက်၊ ဘီယာတွေ ဝင်သောက်သုံးတာတွေပါ လုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။


