
ကရင်ပြည်နယ်၊ မြဝတီမြို့မှာ အာဝါဒေးလောင်းကစားဝိုင်းတွေကို စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့က ဆက်တိုက် ဝင်ရောက်စီးနင်းပြီး လောင်းကစားဝိုင်းပြုလုပ်သူ ၂၀ ယောက်ထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၄ ရက် ည ၉ နာရီကျော်လောက်က လက်နက်ကိုင်တပ်ဖွဲ့က ဦးဆောင်ပြီး လုပ်ကိုင်ခွင့် ခွင့်ပြုထားတဲ့ အမှတ် ၄ ရပ်ကွက်၊ ရဲစိုက်ခင်း၊ ကြာရေလှိုင်းရေကူးကန်အနီးက အာဝါဒေးဝိုင်းကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့တာပါ။
ဒါကြောင့် လောင်းကစားဝိုင်းပြုလုပ်သူ ၁၀ ယောက်ကို လောင်းကစားဝိုင်းပြုလုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ဒါအပြင် ဖေဖော်ဝါရီ ၂ ရက် ည ၉ နာရီကျော်လောက်ကလည်း အမှတ် ၂ ရပ်ကွက်၊ ခွန်ဆာဝင်းထဲက ဘောလုံးကွင်းက အာဝါဒေးဝိုင်းကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က သေနတ် ၁၀ ချက်ထက်မနည်း ပစ်ဖောက်ပြီး ဝင်ရောက်စီးနင်းခဲ့ရာ လောင်းကစားဝိုင်းပြုလုပ်သူ ၁၀ ယောက်ထက်မနည်း ဖမ်းဆီးခံခဲ့ရပါတယ်။
မြို့ခံတယောက်က “မြဝတီမြို့နဲ့ အနီးအနားမှာရှိတဲ့ အွန်းလိုင်းကျားဖြန့်ရုံတွေကို အမြတ်ပြတ်အောင် မလုပ်ဆောင်ပဲ အာဝါဒေး လောင်းကစားဝိုင်းတွေဖမ်းဆီးနေတာက ခုတ်ရာတခြား ရှရာတခြားဖြစ်နေတယ်”လို့ ပြောပါတယ်။
စစ်ကောင်စီနဲ့ပတ်သက်နေတဲ့ လောင်းကစားလုပ်ငန်းကြီးတွေကိုတော့ ဖမ်းဆီးတာမရှိသရွေ့ လောင်းကစားဝိုင်းတွေ အမြစ်ပြတ်သွားဖို့ မလွယ်ဘူးလို့ ဒေသခံ တက်ကြွလှုပ်ရှားသူတယောက်က ပြောပါတယ်။
“မရိုးနိုင်တဲ့ စကမရဲ့ လှည့်ကွက်တခုပေါ့။ သူတို့တွေနဲ့ပတ်သက်နေတဲ့ လောင်းကစားဝိုင်း အကြီးတွေကြတော့ အပြစ်ပေး အရေးယူတာတွေ မလုပ်ဘဲနဲ့ လောင်းကစားဝိုင်း သေးသေးလေးတွေကို လိုက်ပြီး ဖမ်းဆီးနေတယ်။ သူတို့ရဲ့ လုပ်နေကြ ပုံစံဟောင်းပဲ။ အထက်က ညွှန်ကြားတယ်။ အဖမ်းပြလိုက်တယ်။ ကြီးကြီးတွေကို မခုတ်လှဲပဲနဲ့ ဒီအတိုင်း ဆက်ထားနေတဲ့အခါကျတော့ ဒါက လုပ်ရိုးလုပ်စဉ်လို့ ပြောချင်တယ်။ လောင်းကစားဝိုင်းတွေ အမြစ်ပြတ်သွားဖို့ဆိုတာက မလွယ်ဘူးလို့ပဲ မြင်တယ်။”
ဇန်နဝါရီ ၃၀ ရက်က စစ်တပ်က မြဝတီမြို့ကို လူ၊ လက်နက်ခဲယမ်း၊ တင့်ကားတွေနဲ့အတူ စစ်ယာဉ်တန်း အစီး ၃၀ ကျော် စစ်အင်အားဖြည့်တင်းခဲ့ပြီးနောက် အခုလို ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
အောင်ခန့်


