မကွေးတိုင်း၊ ချောက်မြို့နယ်ထဲက ကျေးရွာတချို့မှာ တော်လှန်ရေးရန်ပုံငွေလို့အကြောင်းပြပြီး လောင်းကစားဝိုင်းတွေလုပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံတယောက်က “ချောက်မြို့နယ်ထဲက ကျေးရွာတချို့မှာ မကွေးခရိုင် ပကဖ တာဝန်ခံ ဦးဆောင်ပြီးတော့ တော်လှန်ရေးရန်ပုံငွေခေါင်းစဉ်နဲ့ ဂျင်ဝိုင်း၊ ကြက်ဝိုင်း၊ ဖဲဝိုင်းလို လောင်းကစားဝိုင်းတွေလုပ်နေတာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နှစ်စပိုင်းကတည်းကပါ။ တရွာတည်းမှာ အမြဲတန်းကြီး အထိုင်ချပြီးတော့ ဖွင့်ထားတာတော့မဟုတ်ဘူး။ တရွာပြီးတရွာ ရွှေ့လုပ်နေကြတာ ၁၀ ဝိုင်းထက်မနည်းဘူး” လို့ ပြောပါတယ်။
လောင်းကစားဝိုင်းကိစ္စ ခရိုင် ပကဖ တာဝန်ခံဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်တာမရှိပါဘူး။
လောင်းကစားဝိုင်းတွေကြောင့် ဒေသတွင်းမှာ ခိုးဆိုးလုယက်မှုတွေဖြစ်လာနိုင်လို့ ဒေသခံတွေ စိတ်ပူရတယ်လို့လည်း ဒေသခံက ဆက်ပြောပါတယ်။
ဇန်နဝါရီ ၂၁ ရက်နေ့က လောင်းကစားဝိုင်းပြုလုပ်နေတဲ့နေရာကို တော်လှန်ရေးတပ်ဖွဲ့တွေ ဘက်က ဝင်ရောက်ဖမ်းဆီးခဲ့ကြသေးတယ်လို့လည်း ဆိုပါတယ်။
ချောက်မြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့နဲ့နီးစပ်သူတယောက်က “တနေ့တနေ့ လောင်းကြေး ကျပ်သိန်း ၁,၀၀၀ ဝန်းကျင်ရှိတဲ့ ချောက်မြို့နယ် တောင်ပိုင်းရွာတရွာက လောင်းကစားဝိုင်း ကိုသတင်းရလို့ ၂၁ ရက်နေ့က ဝင်ရောက်ဖမ်းဆီးခဲ့ပေမဲ့ ဒိုင်လုပ်နေကြတဲ့ ခရိုင်ပကဖ တာဝန်ခံရဲ့လူတွေကတော့ သတင်းကြိုရလို့ ထွက်ပြေးသွားကြတာကြောင့် မမိလိုက်ဘူး။ ထိုးသား အယောက် ၃၀ လောက်ကိုပဲမိခဲ့လို့ ပထမအကြိမ် ကတိခံတန်ထိုးခိုင်းပြီး ပြန်လွှတ်ပေးခဲ့ပါတယ်” လို့ DVB ကို ပြောပါတယ်။
တော်လှန်ရေးရန်ပုံငွေအကြောင်းပြပြီး ဥပဒေအရလည်းခွင့်ပြုမထားတဲ့ လောင်းကစားဝိုင်းတွေ ကို ဦးဆောင်ပြုလုပ်နေသူ မကွေးခရိုင် ပကဖ တာဝန်ခံနဲ့အဖွဲ့ဟာ လောင်းကစားဝိုင်းတွေကနေ ရရှိတဲ့ ငွေကြေးတွေကိုလည်း သူတို့ကိုယ်ကျိုးအတွက်ပဲသုံးစွဲနေကြတာလို့ သူက ဆက်ပြောပါတယ်။
ဒေသခံပြည်သူတွေအနေနဲ့လည်း ချောက်မြို့နယ်အတွင်းမှာ ဘယ်အကြောင်းပြချက်နဲ့ လောင်းကစားဝိုင်းဖွင့်လှစ်တာပဲဖြစ်ဖြစ် လောင်းကစားပပျောက်ရေးအတွက် တော်လှန်ရေးတပ်ဖွဲ့တွေဆီကို သတင်းပေးပို့ကြဖို့ တိုက်တွန်းထားတယ်လို့လည်း ဆိုပါတယ်။
မကွေးခရိုင် ပကဖ တာဝန်ခံဟာ NLD အစိုးရလက်ထက်ကပိတ်ပင်ထားတဲ့ ဧရာဝတီမြစ်အတွင်း ရွှေကျင်တဲ့လုပ်ငန်းတွေကိုလည်း ငွေကြေးယူပြီး အခု ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလဆန်းပိုင်းကစလို့ လုပ်ပိုင်ခွင့်တွေ ပြန်ချထားပေးခဲ့တယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။







