
မကွေးတိုင်း၊ ချောက်မြို့နယ်မှာ ဖမ်းဆီးသတ်ဖြတ်ပြီး စွန့်ပစ်ခံထားရတဲ့ အမျိုးသား ၂ ယောက်ရဲ့အလောင်းကို ဒီဇင်ဘာ ၁၁ ရက်မှာ တွေ့ခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ချောက်မြို့ခံတယောက်က “အဲဒီအလောင်း ၂ လောင်းကို ၁၁ ရက်နေ့၊ နေ့လယ် ၁ နာရီလောက်မှာ ကြီးနီရွာဘူတာနားမှာ ပြည်သူတွေတွေ့ခဲ့ရလို့ သက်ဆိုင်ရာကို အကြောင်းကြားခဲ့ကြတာပါ။ ဘယ်ချိန်ကတည်းက လာပစ်တာလဲ ဆိုတာတော့ မသိရဘူးဗျ။ အလောင်းတွေရဲ့ မျက်နှာတွေကိုလည်း အဝတ်တွေနဲ့ စည်းထားတယ်။ သိပ်မကြာလိုက်ပါဘူး၊ အလောင်းတွေကို စစ်သားတွေက လာသယ်သွားကြတယ်။ အဲဒီအလောင်း ၂ လောင်းထဲမှာ ဦးကျော်အေး ဆိုတာက မြို့ပေါ်ကဗျ။ စစ်တပ်နဲ့ပေါင်းပြီး ရေနံစိမ်းမှောင်ခိုလုပ်လို့ ချမ်းသာနေတဲ့သူပါ” လို့ ပြောပါတယ်။
ပစ်သတ်ခံရသူတွေဟာ ချောက်မြို့၊ ၁၀ ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၆၀ ကျော်အရွယ် ဦးကျော်အေး နဲ့ ဂွေးချိုကျေးရွာမှာနေထိုင်တဲ့ အသက် ၆၀ ကျော်အရွယ် ဦးခင်မောင်နိုင် တို့ဖြစ်ကြတယ်လို့ ဆိုပါတယ်။
ချောက်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တခုရဲ့တာဝန်ခံက “အဲဒီလူ ၂ ယောက်က အခုလ ၇ ရက်နေ့မှာ နေ့လယ်ပိုင်းမှာ ချောက်-ကျောက်ပန်းတောင်း ကားလမ်းပေါ်မှာ ချောက်ဘက်ကနေ ကားနဲ့ပြန်လာတဲ့အချိန် လက်နက်ကိုင်အဖွဲ့တဖွဲ့က ဖမ်းသွားတာလို့ သိရတယ်ဗျ။ ဘယ်အဖွဲ့က ဘယ်လိုလုပ်လိုက်တာလဲဆိုတာတော့ ကျနော်တို့လည်း စုံစမ်းနေတုန်းပါ” လို့ DVB ကို ပြောပါတယ်။
ဖမ်းဆီးပစ်ခတ်သတ်ဖြတ်ခံရသူတွေဟာ ပြီးခဲ့တဲ့ ၂၀၂၁ နှစ်စပိုင်းက စစ်တပ် အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ သပိတ်မှောက်ဆန္ဒပြပွဲတွေမှာပါဝင်ခဲ့ပြီးနောက်ပိုင်း စစ်တပ်နဲ့ပေါင်းကာ ရေနံမှောင်ခိုလုပ်ငန်းလုပ်ကိုင်နေကြသူတွေ ဖြစ်ကြတယ်လို့လည်း မြို့ခံတွေဆီကနေ သိရပါတယ်။
သူတို့ရဲ့ ခေါင်းနဲ့ ဗိုက်မှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။
ချောက်မြို့ပေါ်က ပြည်သူ့စစ်ခေါင်းဆောင် ဦးထွေးအောင်နိုင် အပါအဝင် ၅ ယောက်ဟာလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့မှာ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရပါသေးတယ်။


