
မကွေးတိုင်း၊ ချောက်မြို့နယ်မှာ Non-CDM ထွေအုပ်စာရေးတယောက် သေနတ်သမားတွေက ဖမ်းခေါ်သွားပြီး ပစ်သတ်ခံရတယ်လို့ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့တွေနဲ့နီးစပ်တဲ့သူတွေဆီက သိရပါတယ်။
ပစ်သတ်ခံရသူဟာ ချောက်မြို့နယ်၊ သွေးနက်ကျေးရွာမှာနေထိုင်တဲ့ အသက် ၃၅ နှစ်အရွယ် ထွေအုပ်စာရေး ကိုနေမျိုးထွဋ်ဖြစ်ပြီး အောက်တိုဘာ ၃ ရက် ညနေပိုင်းမှာ အမည်မသိ သေနတ်သမားတွေက နေအိမ်အထိလာဖမ်းခေါ်ပြီးနောက် သွေးနက်ကျေးရွာနဲ့ ကြီးနီကျေးရွာ လမ်းဆုံမှာ ပစ်သတ်ခဲ့တာလို့ သိရပါတယ်။
အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “သေနတ်သမားတွေက လာဖမ်းခေါ်ပြီး ရွာထိပ်မှာ ပစ်သတ်သွားတာ။ ပစ်သတ်ခံရတဲ့သူက ထွေအုပ်ရပ်ကျေးစာရေးပါ။ တခါတည်း သေနတ်ဒဏ်ရာတွေနဲ့ ပွဲချင်းပြီးဆုံးသွားတာ” လို့ ပြောပါတယ်။
သေနတ်သမား ၅ ယောက်က ဆိုင်ကယ် ၃ စီးနဲ့ ကိုနေမျိုးထွဋ် အိမ်ကို ရောက်လာပြီး ဖမ်းခေါ်သွားတာလို့ သိရပါတယ်။
ဒေသခံတယောက်က “ရုပ်အလောင်းကို ချောက်မြို့နယ် ပြည်သူ့ဆေးရုံကို သယ်သွားတယ်။ စစ်တပ်ဘက်ကတော့ PDF တပ်တွေက သတ်ဖြတ်တာလို့ စွပ်စွဲထားတယ်” လို့ ပြောပါတယ်။
ဘယ်အဖွဲ့က ဘာကြောင့်လုပ်တယ် ဆိုတာတော့ မသိရသေးဘဲ စစ်ကောင်စီတပ်နဲ့ ရဲတွေကတော့ စုံစမ်းစစ်ဆေးတာတွေ လုပ်နေတယ်လို့လည်း သိရပါတယ်။