Home
နိုင်ငံတကာ
မီရှီဂန်ပြည်နယ်တွင် ဘုရားကျောင်းအတွင်း ဝင်ရောက်ပစ်ခတ်မှု အနည်းဆုံး ၄ ဦးသေဆုံး
DVB
·
September 29, 2025
Photo: ABC AFFILIATE WXYZ

အမေရိကန်နိုင်ငံ၊ မီရှီဂန်ပြည်နယ်ထဲက ခရစ်ယာန်ဘုရားကျောင်းတကျောင်းထဲကို သေနတ်သမားက ကားမောင်းဝင်လာပြီး ပစ်ခတ်ခဲ့သလို အဆောက်အအုံကိုပါ မီးတင်ရှို့ခဲ့တာကြောင့် လူ ၄ ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဒက်ထရွိုက်မြို့က မိုင် ၆၀ လောက်ဝေးတဲ့ ဂရန်းဘလန့်မြို့က Church of Jesus Christ of Latter-day Saints မှာ စက်တင်ဘာ ၂၈ ရက် တနင်္ဂနွေနေ့ ဝတ်ပြုတဲ့အချိန်မှာ တိုက်ခိုက်ခံခဲ့ရတာလို့ တာဝန်ရှိသူတွေက အတည်ပြုပါတယ်။

ကျူးလွန်သူဟာ အသက် ၄၀ အရွယ် သောမတ်ဂျက်ကော့ဘ်ဆန်ဖို့ဒ် ဖြစ်ပြီး ဘုရားကျောင်းယာဉ်ရပ်နားရာနေရာမှာ ရဲတပ်ဖွဲ့က အသေပစ်ခတ် ဖမ်းမိခဲ့ပါတယ်။

ဒေသစံတော်ချိန် မနက် ၁၀ နာရီ ၂၅ မိနစ်မှာ လူတွေ ဘုရားကျောင်းတက်နေကြတဲ့အချိန် သေနတ်သမားက အဆောက်အအုံထဲ ကားနဲ့မောင်းဝင်လာခဲ့ပြီး ချေမှုန်းရေးရိုင်ဖယ်နဲ့ ပစ်ခတ်ခဲ့တာလို့ မြို့နယ်ရဲမှူး ဝီလီယံရိန်းက အတည်ပြုပါတယ်။

အခုဖြစ်စဉ်ကို “ပစ်မှတ်ထား အကြမ်းဖက်တဲ့လုပ်ရပ်” အဖြစ် သတ်မှတ်ထားပေမဲ့ ဘာကြောင့် ကျူးလွန်တယ်ဆိုတဲ့ ရည်ရွယ်ချက်ကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဒီအမှုကို ဖယ်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို (FBI) က ဦးဆောင်ကိုင်တွယ်နေပြီးတော့ သံသယရှိသူရဲ့ နေအိမ်နဲ့ ဖုန်းမှတ်တမ်းတွေကို စစ်ဆေးပြီး အမှုရဲ့ အရင်းမြစ်ကို ဖော်ထုတ်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

ရဲမှူးကတော့ အဖြစ်အပျက်အတွင်းမှာ ကလေးတွေကို ရဲရဲဝံ့ဝံ့ အကာအကွယ်ပေးခဲ့ကြတဲ့ ဘုရားကျောင်းတက်သူတွေရဲ့ သူရသတ္တိကို ချီးကျူးခဲ့ပါတယ်။

သေနတ်သမား တမင်မီးရှို့ခဲ့တယ်လို့ ယူဆရတဲ့ မီးလောင်မှုကြောင့် ဘုရားကျောင်း အဆောက်အအုံလည်း အကြီးအကျယ် ပျက်စီးသွားခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013