
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ စစ်ကောင်စီနဲ့ပူးပေါင်းအလုပ်လုပ်နေတဲ့ ရာအိမ်မှူး ၂ ယောက် စက်တင်ဘာ ၁၉ ရက်က သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနက် ၉ နာရီခွဲမှာ စံကြီးလောင့်ရွာက ရာအိမ်မှူး ဇော်မင်းနောင်ကို သေနတ်နဲ့ လာရောက်ပစ်ခတ်ခဲ့ပြီး တရက်တည်းမှာပဲ ဖလံပင်ရွာက ရာအိမ်မှူး ဖိုးကျော်ကိုပါ သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “အကြိမ်ကြိမ်သတိပေးစာနဲ့ သတိပေးခံထားရတဲ့သူ စစ်တပ်နဲ့ပေါင်းပြီး စစ်အုပ်ချုပ်ရေးယန္တရား လည်ပတ်အောင် လုပ်နေတဲ့သူတွေပေါ့။ သူ့ပထွေးအားကိုးနဲ့ နားမထောင်ဘူးလေ။ အခုတော့ တားမရတဲ့အဆုံး ဟိုကလာပစ်သွားတာ” လို့ ပြောပါတယ်။
ဇော်မင်းနိုင်ဟာ စစ်တပ်ဒေါက်တိုင် ရာအိမ်မှူးဖြစ်ပြီး အကြမ်းဖက်စစ်တပ်အလိုကျ ဒေသတွင်းက ပြည်သူတွေကို ဖိနှိပ်ရက်စက်နေလို့ ဒေသခံတွေက တော်လှန်ရေးတပ်ဖွဲ့တွေဆီကို တိုင်တန်းထားရသလို ဖိုးကျော် ဆိုသူဟာလည်း စစ်ကောင်စီတပ်နဲ့ပေါင်းပြီး ပြည်သူတွေအပေါ် အမျိုးမျိုး ဖိနှိပ်နေတာလို့ ဆိုပါတယ်။
သူတို့ကို ပဲခူးတိုင်း စစ်ဌာနချုပ် အမှတ် ၂၂ ဗျူဟာ၊ သာယာဝတီခရိုင် တပ်ရင်း ၁၊ တပ်ရင်းရုံး တပ်ဖွဲ့၊ တပ်ခွဲ ၄ က ပစ်ခတ်ခဲ့တာလို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။