
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စက်တင်ဘာ ၁၂ ရက်နေ့ မနက် ၁၁ နာရီ၀န်းကျင်က ကျေးရွာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ခံတယောက် ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အမည်ဖော်လိုတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်ကက “ပစ်ခတ်ခံရသူက ကျီးကန်မြောက်ရွာ ပအဖ တာဝန်ခံ ဦးမင်းသန့် ဖြစ်ပါတယ်။ အသက် ၅၀ လောက်ရှိပါပြီ။ ကျီးကန်နဲ့ လှတောရွာကြားမှာ အပစ်ခံလိုက်ရတာပါ” လို့ ပြောပါတယ်။
ပစ်ခတ်ခံရတာကြောင့် ညာဘက်နားနောက်မှာ ကျည်ဆန်ထိမှန်ပြီး နေရာမှာတင် သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ရှိသူတယောက်က “သူက စူပါကတ်ဆိုင်ကယ်နဲ့ ကျီးကန်ကနေ လှတောဘက်ကို အအေးဘူးတွေ သွားဝယ်ပြီးပြန်လာတော့ ဆိုင်ကယ်နဲ့လူ ၂ ယောက်က နောက်ကလိုက်ပြီးပစ်သွားတာ။ ၉ မမ ကျည်ခွံ ၁ ခွံ တွေ့ခဲ့ရတယ်။ ကျည်က ညာဘက်နားနောက် ၁ လက်မလောက်ကနေ ထုတ်ချင်းပေါက်သွားခဲ့တာ။ ကျနော်တို့ သိရသလောက်တော့ သူ့မှာ ရန်ငြိုးရန်စရှိတယ်လို့ မကြားမိဘူး။ သူ့အလောင်းကိုတော့ သင်္ဂြိုဟ်ပြီးပြီလို့ သိရတယ်။ ပြစ်မှုကျူးလွန်သွားကြသူတွေရဲ့ ပုံစံတွေကို ဝက်လက်ရဲဌာနဆီပို့ပြီး တရားခံ ဖမ်းဆီးရမိနိုင်ရေးအတွက် ဆက်လက်လုပ်ဆောင်နေပါတယ်” လို့ DVB ကို ပြောပါတယ်။
သေဆုံးသွားသူ ဦးမင်းသန့် မှာ ဇနီးသည်နဲ့ သားတယောက်တို့ကျန်ရစ်ခဲ့ပြီး သားဖြစ်သူဟာ တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်ဖြစ်ကာ စစ်တပ်နဲ့ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတခုအတွင်း ဗုံးသီးထိမှန်ခဲ့လို့ ညာဘက်ခြေထောက် ဖြတ်တောက်ထားရသလို ညာဘက်မျက်လုံး တဖက်လည်း ကွယ်ထားသူဖြစ်လို့ ကျန်ရစ်သူမိသားစုအတွက် ရေရှည်ရပ်တည်နိုင်ရေး အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မေ ၂၃ ရက်နေ့ ညကလည်း ဝက်လက်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရုံးအဖွဲ့မှူး ဦးမျိုးအောင် နဲ့ အမျိုးသမီးတယောက်တို့ ပစ်သတ်ခံခဲ့ရပြီး အခုချိန်အထိ တရားခံဖမ်းဆီးရမိတာ မရှိသေးဘူးလို့ ဝက်လက်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။