Home
မြန်မာသတင်း
ဝက်လက်တွင် စစ်တပ်က ဗုံးကြဲပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးနေ
DVB
·
September 12, 2025
Photo: Wetlet Informational Network
Photo: Wetlet Informational Network
Photo: Wetlet Informational Network
Photo: Wetlet Informational Network
Photo: Wetlet Informational Network
Photo: Wetlet Informational Network

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းကစလို့ စစ်တပ်က လေယာဥ်နဲ့ ဗုံးကြဲပြီး မြေပြင်စစ်ကြောင်းကလည်း လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “ဝက်လက်မြို့နယ် အရှေ့ခြမ်းက အမှတ် ၃ ခရိုင်ချင်းဆက် လမ်းပေါ်မှာရှိတဲ့ ငါးရယ်ရွာ၊ တိုက် (အပေါ်/အောက်) ရွာ စတဲ့ရွာတွေကို စစ်တပ်ရဲ့ မြေပြင်စစ်ကြောင်းတွေ ဝင်ပြီး လူနေအိမ်တွေကို မီးရှို့နေတယ်။ စိတ်မနှံ့တဲ့ အမျိုးသားတယောက် ကိုလည်း ပစ်သတ်သွားပြီး အလောင်းဖျောက်ပစ်သွားခဲ့သေးတယ်လို့လည်း သိရတယ်ဗျ။ ၁၀ ရက်နေ့ ညဉ့်နက်ပိုင်းမှာလည်း သစ်ဆိမ့်ရွာက စစ်ရှောင်တွေနေတဲ့ စာသင်ကျောင်းကိုလည်း ပေါင် ၃၀၀ ဗုံး ကြဲသွားသေးတယ်။ အဲဒီမှာတော့ ပြည်သူတွေ ကြိုတင်သတင်းရပြီး ကြိုရှောင်နေကြလို့ ထိခိုက်တာ မရှိပါဘူး” လို့ ပြောပါတယ်။

မြေပြင်မှာ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်တပ်စစ်ကြောင်းဟာ ဝက်လက်မြို့နယ် အရှေ့ခြမ်း ရှိမ်းမကားကျေးရွာနဲ့ သဲကျွန်း​ကျေးရွာတွေမှာ အထိုင်ချ တပ်စွဲနေသူတွေဖြစ်ကာ စစ်ကြောင်း ၃ ကြောင်းနဲ့ စက်တင်ဘာ ၉ ရက်ကစလို့ ပြည်သူပိုင်ပစ္စည်းတွေကို လိုက်လံ မီးရှို့ဖျက်ဆီးနေတာလို့ ဆိုပါတယ်။

Wetlet Informational Network ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက “သူတို့ (--)စစ်ကြောင်းက မီးရှို့ဖျက်ဆီးလို့ တိုက်ရွာ (အပေါ်ရွာ) က လူနေအိမ် ၅၀ ကျော် မီးလောင်ပျက်စီးတယ်လို့ ကနဦး သိထားပါသေးတယ်။ စစ်ကြောင်းက အဲဒီဘက်မှာ ဆက်ရှိနေသေးတယ်” လို့ ပြောပါတယ်။

အဆိုပါစစ်တပ်စစ်ကြောင်းဟာ စက်တင်ဘာ ၁၁ ရက်အထိ ဝက်လက်မြို့နယ် အရှေ့ခြမ်းက ကျေးရွာတွေကို စီးနင်းဝင်ရောက် ဖျက်ဆီးနေကြတယ်လို့လည်း ဆိုပါတယ်​။

ဝက်လက်မြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံ ကိုအလင်းရောင်က “အဲဒီ သစ်ဆိမ့်ရွာကို လေကြောင်းတိုက်ခိုက်ခံရတာ အခုတကြိမ်နဲ့ဆို ၅ ကြိမ်ထက်မနည်းတော့ဘူး။ အရင်ဗုံးကြဲခံရတုန်းကတော့ ပြည်သူအသေအပျောက်တွေ ရှိခဲ့တယ်။ အခုကတော့ အဆောက်အဦ ထိခိုက်ပျက်စီးတာပဲ ရှိတာပါ။ အခုလက်ရှိ အခြေအနေက ဝက်လက်အရှေ့ဘက်ခြမ်းနဲ့ စဥ့်ကိုင်ဘက်တွေကို စစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာတွေ ရှိနေတယ်။ အဲဒီစစ်ကြောင်းတွေကြောင့် ဒေသခံတွေ ထွက်ပြေးကြရတာတွေရှိပေမဲ့ အရေအတွက်ကတော့ မသိရသေးဘူးဗျ” လို့ ပြောပါတယ်။

စစ်တပ်လက်အောက်ခံတွေ စစ်ကြောင်းထိုးနေတဲ့ လမ်းကြောင်းတချို့မှာ တော်လှန်ရေးတပ်ဖွဲ့တွေ ဘက်က ကြားဖြတ်တိုက်ခိုက်နေတာတွေ ရှိနေလို့ တိုက်ပွဲပြင်းထန်နေပြီး တချို့နေရာတွေမှာ စစ်ရေးအခြေအနေ တင်းမာနေတယ်လို့လည်း သူကဆက်ပြောပါတယ်။

စစ်တပ်ဘက်က စစ်ကြောင်းထိုးပြီး လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ ဝက်လက်မြို့နယ်အတွင်းက အမှတ် ၃ ခရိုင်ချင်းဆက်လမ်းပိုင်းကို ပြည်သူတွေအနေနဲ့ အသုံးပြုသွားလာတာတွေ မပြုလုပ်ကြဖို့ ယာယီပိတ်ပင်ထားတယ်လို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013