Home
မြန်မာသတင်း
ကျောက်တော်၌ စာသင်ကျောင်း ဗုံးကြဲခံရပြီး ကျောင်းသား ၁၈ ဦး ပွဲချင်းပြီး သေဆုံး
DVB
·
September 12, 2025

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ ပညာပန်းခင်း ကိုယ်ပိုင် အထက်တန်းကျောင်းကို စစ်တပ်က စက်တင်ဘာ ၁၂ ရက် ဒီနေ့မနက်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကျောင်းသူ၊ ကျောင်းသား ၁၈ ယောက် ပွဲချင်းပြီး သေဆုံးပြီး နောက်ထပ် ၂၀ ကျော် ဒဏ်ရာပြင်းပြင်းထန်ထန်  ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ မနက် ၁ နာရီ ဝန်းကျင်လောက်မှာ လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂ လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကျောင်းရှေ့တည့်တည့်မှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

အခုလို ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံး ဒဏ်ရာရသူတွေထဲမှာ ပညာပန်းခင်း ကိုယ်ပိုင်အထက်တန်းကျောင်းမှာ ပညာသင်ကြားနေတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ အနီးပတ်ဝန်းကျင်က ကလေးငယ်တချို့ပါဝင်ပါတယ်။

ဒဏ်ရာရတဲ့ထဲမှာ ဒဏ်ရာ ပြင်းထန်ဆိုးဝါးသူတွေများပြီး နောက်ဆက်တွဲအန္တရာယ် စိုးရမ်နေရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“ကျောင်းကိုဦးတည်ပြီးတိုက်ခိုက်သွားတာပါ။ အဲအချိန် ကလေးတွေက ကျောင်းမှာပဲ အိပ်နေကြတာပါ။ ကျောင်းသားတွေဆိုတော့ ၁၇ ၊ ၁၈ ၊ ၁၉ အရွယ်ပဲရှိပါဦးမယ်။ လူငယ်တွေလည်း AA ဖြစ်လာမှာပဲ ဆိုတဲ့အယူအဆနဲ့ သတ်နေတာပါ၊ တကယ့်အကြမ်းဖက်သမားတွေပါပဲ။ လက်ရှိတော့ ၁၈ ယောက်သေဆုံးပြီး ၂၀ ကျော်ထိခိုက်ဒဏ်ရာ ရသွားပါတယ်။ ဒါပေမဲ့ ထိခိုက်ဒဏ်ရာရသူတွေထဲမှာ ဆိုးဆိုးဝါးဝါးဒဏ်ရာရသွားတဲ့သူများပါတယ်။ ဒါကြောင့် နောက်ဆက်တွဲ သသက်အန္တရာယ်စိုးရိမ်နေရပါတယ်။” 

စစ်ကောင်စီတပ်က သရက်တပင်ကျေးရွာကို ပေါင် ၅၀၀ ဗုံးနှစ်လုံးနဲ့ ကြဲချ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့လည်း အာရက္ခတပ်တော် (AA) က ထုတ်ပြန်ထားပါတယ်။

ဗုံးကြဲခံရတဲ့ သရက်တပင်ကျေးရွာနေ ရွာသားတယောက်က “ည လူတွေ အိပ်ကောင်းနေချိန်မှာ ဂျက်ဖိုက်တာတစီးနဲ့ ဗုံး ၂ လုံး ကြဲချသွားတာ။ ဗုံးကြဲခံရတဲ့ နေရာက ကိုယ်ပိုင်စာသင်ကျောင်း ဖြစ်တာကြောင့် ကလေးတွေ အတော်လေးကို အထိနာကြတယ်။ ဒီနေ့မနက်အထိတော့ သေဆုံးသူ ၁၈ ဦးအထိ ရှိပြီးတော့ နောက်ထပ် ၂၀ ကျော်လည်း ဒဏ်ရာအပြင်းအထန် ရသွားတယ်။ တော်တော်လေးကို ရွံရှာစက်ဆုပ်ဖွယ်ကောင်းတဲ့ လုပ်ရပ်ပါပဲ။ ရွာထဲမှာတော့ လူတွေ ကမ္ဘာပျက်သလို ဖြစ်နေကြတယ်”လို့ ပြောပါတယ်။

သေဆုံးသွားတဲ့ ကျောင်းသားတွေဟာ Grade-12 နဲ့ Grade-11 က ကျောင်းသားတွေဖြစ်ပြီး သရက်တပင်ကျေးရွာနဲ့ အနီးအနားကျေးရွာတွေက ကျောင်းသားတွေလည်း ပါဝင်ကာ သေဆုံးသူတွေထဲမှာ ကျောင်းသူတချို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

လက်ရှိ ဒဏ်ရာရရှိထားတဲ့ ကျောင်းသားတွေထဲမှာလည်း စိုးရိမ်ရတဲ့ အခြေအနေမှာရှိတဲ့ ကျောင်းသားအများအပြား ပါဝင်ပြီး အရေးပေါ် ဆေးကုသမှုတွေ ခံယူနေကြရပါတယ်။

ကျောင်းသားတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်တယ်ဆိုကတည်းက စစ်ကောင်စီရဲ့ လေယာဉ်မှူးတွေဟာ လူစိတ်ပျောက်ဆုံးနေသူတွေဖြစ်ပြီး သားသမီးချင်း ကိုယ်ချင်းမစာသူတွေ ဖြစ်တယ်လို့ ကျောက်တော်မြို့နယ်က လူမှုရေးတက်ကြွလှုပ်ရှားသူ အမျိုးသမီးတယောက်က ပြောပါတယ်။

“စစ်ရေး၊ နိုင်ငံရေးနဲ့ ဘာမှသက်ဆိုင်တာမရှိတဲ့ ကျောင်းသားတွေ လေကြောင်းတိုက်ခိုက်တယ် ကြားတော့ ကျမ အတော်လေးကို ခံစားရတယ်။ ဘာကြောင့် ဒီကျောင်းသားတွေကို တိုက်ခိုက်မှု ပြုလုပ်ရတယ်ဆိုတာ စဉ်းစားလို့ကိုမရဘူး။ စစ်ကောင်စီက လေယာဉ်မှူးတွေမှာ လူသားချင်း စာနာစိတ်၊ သားသမီးချင်း စာနာစိတ်ဆိုတာကို မရှိကြတော့ဘူး။ ကိုယ့်မိသားစုခံရမှ နောင်တမရကြပါနဲ့လို့ သူတို့ကိုမှာ ချင်တယ်။”

စက်တင်ဘာ ၁၀ ရက် ည ၁၁ နာရီကလည်း ကျောက်တော်မြို့နယ်၊ လက်ပံကျေးရွာအနီးက တောင်တန်းတွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ပါတယ်။

ရခိုင်မှာ ဩဂုတ် ၂၆ ရက်ကလည်း မြောက်ဦးမြို့နယ်၊ ဒိုင်းကျီရပ်ကွက်ကို လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၁၇ ယောက် သေဆုံးခဲ့ပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဒ့ါအပြင် ဩဂုတ် ၂၇ ရက်ကလည်း မင်းပြားမြို့နယ်နဲ့ ပေါက်တောမြို့နယ်တို့ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။

ကေခိုင်/ CJ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013