Home
မြန်မာသတင်း
လက်ပံတန်းတွင်​ ပြည်သူ့စစ်အဖွဲ့က ဒရုန်းဖြင့် ဗုံးကြဲ၊ အမျိုးသမီး ၂ ဦး သေဆုံး
DVB
·
September 11, 2025

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်ထဲမှာ စက်တင်ဘာ ၉ ရက် နေ့လယ်ပိုင်းက စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်တွေက ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအမျးသမီး ၂ ယောက် သေဆုံး၊ ဒဏ်ရာရသူတွေလည်းရှိခဲ့ပြီး နေအိမ်တချို့လည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အမည်မဖော်လိုတဲ့ ဒေသခံတယောက်က “လက်ပံတန်းနဲ့ ၂ မိုင်လောက်ပဲဝေးတဲ့ သစ်ရောင်းပြင်ရွာကို စစ်တပ်ဘက်က ဒရုန်းနဲ့ဗုံးကြဲသွားလို့ ပြည်သူတွေထိခိုက်သေဆုံးခဲ့ကြပြီးတော့ လူနေအိမ်တွေလည်း ပျက်စီးသွားပါတယ်” လို့ ပြောပါတယ်။

စစ်တပ်လက်အောက်ခံတွေရဲ့ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် သစ်ရောင်းပြင်ကျေးရွာနေ အသက် ၆၀ ဝန်းကျင် ဒေါ်ခင်လှိုင် နဲ့ အသက် ၅၀ ဝန်းကျင် ဒေါ်စန်းဌေး တို့ သေဆုံးခဲ့ကြသလို အသက် ၄၅ နှစ်အရွယ် မညိုမီလှိုင် နဲ့ အသက် ၉ နှစ်အရွယ် မယွန်းဝတီ တို့လည်း ဒဏ်ရာတွေရရှိခဲ့ကြပြီး လူနေအိမ် ၂ လုံးလည်း ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။

လက်ပံတန်းအခြေစိုက် ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုအောင်က “အဲဒီ သစ်ရောင်းပြင်ရွာကို ဒရုန်းနဲ့ဗုံးကြဲသူတွေဟာ လက်ပံတန်းမြို့မှာရှိတဲ့ ပြည်သူ့စစ်အဖွဲ့ ဗုံးကြဲခဲ့တာပါ။ သူတို့ဒရုန်းတွေ ပျံနေ​တာကတော့ မနက်စော ၇ နာရီလောက်ကတည်းကပါ။ နေ့လယ် ၁၂ နာရီလောက်မှာမှ ဗုံး ၂ လုံး ကြဲသွားတာဖြစ်ပါတယ်။ သေဆုံးသွားကြတဲ့ အမျိုးသမီးတွေကတော့ နေရာမှာတင်ဆုံးသွားတာပါ။ ဒဏ်ရာရတဲ့သူ ၂ ယောက်ကလည်း ဒဏ်ရာပြင်းထန်လို့ ဆေးရုံတင်ထားရပါတယ်” လို့ DVB ကို ပြောပါတယ်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတဲ့ သစ်ရောင်းပြင်ကျေးရွာမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ​အခြေချနေထိုင်နေတာ မရှိသလို တိုက်ပွဲဖြစ်ပွားနေတာလည်းမရှိဘဲ အ​ကြောင်းမဲ့ဗုံးကြဲပြီး ပြည်သူကို သတ်ဖြတ်နေတာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်ကလည်း လက်ပံတန်းမြို့ပေါ်ကနေ ဆင်တလင်းကျေးရွာကို ရောက်ရှိနေကြတဲ့ စစ်တပ်လက်အောက်ခံတွေဟာ သရက်ချောင်းကျေးရွာကို ဒရုန်းနဲ့ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်​ခဲ့တာကြောင့် အသက် ၃၀ အရွယ် ကိုဇေယျာလင်း သေဆုံးခဲ့ရပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013