မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ထဲကို စက်တင်ဘာ ၉ ရက် မနက် ၉ နာရီခွဲဝန်းကျင်မှာ စစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံပြည်သူ ၅ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး တိရစ္ဆာန်တွေလည်း သေဆုံးခဲ့ကြသလို လူနေအိမ်တချို့လည်း ထိခိုက်ပျက်စီးကုန်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
နွားထိုးကြီးဂျာနယ်ရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က “နွားထိုးကြီးမြို့နယ်ထဲက မကျီးကန်ရွာကို စစ်တပ်က Paramotor ၅ စီးနဲ့ ဗုံးသီး ၅ လုံး ကြဲချသွားခဲ့တာပါ။ ရွာထဲကို ၃ လုံး ကျရောက်ပေါက်ကွဲပြီးတော့ ပြည်သူ ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ အဲဒီထဲမှာ အသက် ၆၀ ကျော် လင်မယား ၂ ယောက် ပါဝင်ပါတယ်။ ဒဏ်ရာရတဲ့သူတွေကတော့ စိုးရိမ်စရာမရှိပါဘူး။ နွား ၂ ကောင်လည်း သေဆုံးပါသေးတယ်” လို့ ပြောပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ပြည်သူပိုင် လူနေအိမ် ၅ လုံးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက “အဲဒီရွာမှာက ရဲဘော်တွေရဲ့စခန်းလည်း မရှိဘူး။ တိုက်ပွဲတွေ ဖြစ်နေတာလည်း မရှိဘူး။ ဒဏ်ရာရတဲ့သူတွေထဲမှာ ကျနော်တို့ဘက်က ရဲဘော်တွေလည်း မပါပါဘူး။ ဒဏ်ရာရတဲ့သူ ၅ ယောက်လုံးက ပြည်သူတွေပါပဲ။ အခုဗုံးကြဲခံလိုက်ရတဲ့ မကျီးကန်ရွာနဲ့ ကျနော်တို့စခန်းတွေနဲ့က ဝေးပါတယ်” လို့ ပြောပါတယ်။
စစ်တပ်ဟာ နွားထိုးကြီးမြို့နယ်ထဲက ကျေးရွာတွေကို မြေပြင်စစ်ကြောင်းထိုးတာနဲ့ လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတာဖြစ်လို့ ပြည်သူတွေအနေနဲ့ သတိနဲ့ နေထိုင်သွားလာကြဖို့လည်း သတိပေးထားပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ မြေပြင်စစ်ကြောင်းဟာလည်း စက်တင်ဘာ ၂ ရက်ကနေ ၄ ရက်အထိ နွားထိုးကြီးမြို့နယ်ထဲက သူစိုးကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တာကြောင့် လူနေအိမ် ၁၀၀ ကျော် မီးလောင်ပြာကျခဲ့တယ်လို့လည်း နွားထိုးကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကနေ သိရပါတယ်။